မှုခင်းသတင်း

ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှု နှစ်ခုနှင့် ဒလန်ဟု နာမည်ကျော်သူ၏ နေအိမ်တို့တွင် အချိန် ၁၂ နာရီဝန်းကျင်အတွင်း ဖြစ်ခဲ့သည့် ပေါက်ကွဲမှုများကြောင့် လူထိခိုက်မှုမရှိဟု မျက်မြင်များက ပြောသည်

မန္တလေးမြို့ပေါ်တွင် ယမန်နေ့ညပိုင်းမှ ယနေ့(စက်တင်ဘာ၂) နံနက်ပိုင်းအထိ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပစ်မှတ်ထားသည့် ပေါက်ကွဲမှု သုံးခုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

ယမန်နေ့ည ၇ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ နောက်တစ်နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေးဟု နာမည်ကျော်သူ အမျိုးသမီးတစ်ဦး၏ နေအိမ်၊ ယနေ့(စက်တင်ဘာ ၂) နံနက် ၆ နာရီခွဲခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အိမ်တော်ရာဘုရားအနောက်ဖက်၊ ၈၉ လမ်းနှင့် ၂၇ လမ်း အနီးတွင် ရှိသည့် သီရိဟေမာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ညက ကနဦးဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် လမ်းဘေးတွင် စိုက်ထူထားသည့် ဆိုင်းဘုတ်တစ်ခုသာ ပျက်ဆီးသည်ကို တွေ့ရပြီး ထိခိုက်ဒဏ်ရာရသည်ဟု မကြားရကြောင်း၊ ထို့ပြင် ဖမ်းဆီးခံရသူမရှိသေးကြောင်း ရပ်ကွက်သားတစ်ဦးက ပြောသည်။

“အဲဒီရုံးမှာ လုံခြုံရေးချထားတယ်၊ အဲဒီလုံခြုံရေးကို လာပစ်တာ။ ညကအဲဒီနားက စည်ပင်သာယာ လမ်းမီးတွေက မလင်းဘူး။ အဲ့အချိန်ကို အသုံးချပြီး လာပစ်တာထင်တယ်။ ဗုံးပေါက်ပြီးတော့ အဲဒီက အစောင့်တွေက ပြန်ပြီးပစ်တယ်၊ ဘာမှ ထိထိရောက်ရောက်တော့ မရှိဘူး။ ဗုံးပေါက်တာကလည်း မထိဘူး၊ ပြန်ပစ်တာကလည်း မထိဘူး။ အဲဒီနားမှာ ဂိတ်ထိုးနေကျ ကုန်တင်ကားတွေကတော့ ညတွင်းချင်းပဲ နေရာရွှေ့ပြောင်းသွားတာတယ်။ ဒီနေ့မနက်တော့ ဘာမှ မတွေ့ဘူး”ဟု ၎င်းက ပြောသည်။

ထို့အတူ ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်၊ အရှေ့ပိုင်း ၄၅ လမ်းနှင့် ၄၆ လမ်းကြား ၁၀၈ (E)လမ်းတွင် နေထိုင်သည့် ဒလန်ဟု နာမည်ကျော်သူ အမျိုးသမီး၏ နေအိမ်တွင် ဖြစ်ခဲ့သည့် ပေါက်ကွဲမှုတွင်လည်း ထိခိုက်ဒဏ်ရာရသူမရှိသလို ကြီးမားသည့် ပျက်ဆီးဆုံးရှုံးမှုလည်းမရှိခဲ့ဟု ထိုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

“(မူလတန်းကျောင်း) အ.မ. က ၃၆ မြောက်ဘက်ပေါ့နော်။ ဗုံးနဲ့ပစ်ခံရတဲ့ အိမ်က ပြည်ခိုင်ဖြိုးပါတီဝင်လား၊ ဘယ်လိုလားတော့မသိဘူး။ အဲဒီအိမ်က လူတွေက အဲဒီပါတီလှုပ်ရှားမှုတွေမှာ ပါနေကျ၊ ပေါက်ကွဲမှုက တော်တော်ပြင်းတယ်၊ အသံအရမ်းကျယ်ပြီးတော့ ကိုယ့်နားကပ်ပေါက်သလိုမျိုး။ ဩဇာသီး(လက်ပစ်ဗုံး)နဲ့ ပစ်တာလို့ သိရတယ်။ ဘယ်သူက ဘယ်ကနေ လာပစ်တာလဲတော့ မသိရဘူး”ဟု ၎င်းက ဆိုသည်။

ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာသော်လည်း ရပ်ကွက်အတွင်း ထိုကိစ္စဖြင့် အဖမ်းအဆီးရှိသည်ဟု မကြားရသေးကြောင်း ထိုသူက ဆက်ပြောသည်။

အလားတူပင် ယနေ့(စက်တင်ဘာ ၂) နံနက် ၆နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျည်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင်ဖြစ်ခဲ့သည့် ပေါက်ကွဲမှုတွင်လည်း ထိခိုက်ဒဏ်ရာရသူမရှိဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူးနေအိမ်မှာ လက်ပစ်ဗုံးဖြင့် ပစ်ခံရသည်ဟု ကြားရကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး ပိတ်ဆို့စစ်ဆေးခဲ့သော်လည်း ဖမ်းဆီးခံရသည့် ဖြစ်စဉ်မရှိသေးကြောင်း ထိုသူက ဆက်ပြောသည်။

အဆိုပါ ပေါက်ကွဲမှုသုံးခုနှင့် ပတ်သက်၍ မည်သူ့လက်ချက်ဖြစ်သည်ကိုမူ မျက်မြင်များက အတည်ပြုပေးနိုင်ခြင်း မရှိပေ။

ထို့အတူ စစ်ကောင်စီနှင့် မန္တလေးမြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တို့ထံ မှတ်ချက်တောင်းခံရန် Myanmar Now က ကြိုးပမ်းခဲ့သော်လည်း တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိပေ။

အာဏာသိမ်းပြီး ၇လကြာချိန်အထိ ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ရက်စက်စွာဖြိုခွင်းနေသည့် စစ်တပ်၏ အန္တရာယ်ကို တုံ့ပြန်ရန် မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)အချို့ ဖွဲ့စည်းလာပြီးနောက် ဇွန်လခန့်မှ စ၍ စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပေါ်နေသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe