ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင် တို့က ငွေကျပ်သိန်း (၁၀၀၀၀) ကနဦးမတည်၍ အင်းယားလိတ်ကိုဗစ်စင်တာ တည်ဆောက်လှူဒါန်းမည်
ရန်ကုန်တိုင်ဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏လမ်းညွှန်မှုဖြင့် ကိုဗစ်-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီ (Skynet) တို့က ဦးဆောင်၍ ငွေကျပ်သိန်း (၁၀၀၀၀) ကနဦးမတည်ကာ ကုတင် (၆၅၀) ပါဝင်သည့် အင်းယားလိတ်ကိုဗစ်စင်တာကို Yangon Convention Center (YCC) တွင် တည်ဆောက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
COVID-19 ကူးစက်လူနာ (၆၅၀) ဦးအထိ လက်ခံကုသပေးမည့် အင်းယားလိတ်ကိုဗစ်စင်တာတည်ဆောက်ရေးအတွက် ငွေကျပ် သိန်း (၇၀၀၀)ကို ကမ္ဘောဇဘဏ်က လည်းကောင်း၊ ငွေကျပ် သိန်း (၃၀၀၀) ကို ရွှေသံလွင်ကုမ္ပဏီ (Skynet) မှလည်းကောင်း ကနဦးမတည် လှူဒါန်းထားပါသည်။ ထို့အတူ Yangon Convention Center ကုမ္ပဏီမှလည်း တစ်ရက်ငှားရမ်းခ သိန်း (၅၀၀) တန်ဖိုးရှိ YCC ခန်းမအား အင်းယားလိတ်ကိုဗစ်စင်တာဖွင့်လှစ်နိုင်ရေးအတွက် လှူဒါန်းထားကြောင်း သိရှိရပါသည်။
ယခုစင်တာကို (၁၀) ရက်အတွင်းပြီးစီးနိုင်ရန် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျ စီမံချက်ရေးဆွဲကာ ဆောင်ရွက်လျက်ရှိပြီး အရေးပေါ်လူနာများကို ကုသပေးနိုင်ရန်အတွက် High-Dependency Unit ကုတင် (၁၀၀) ပါဝင်မည်ဖြစ်သည့်အပြင် လိုအပ်ပါက ကုတင် (၁၀၀၀) အထိ တိုးချဲသွားရန်လျာထားကြောင်း သိရှိရသည်။ စင်တာတွင် လိုအပ်လာမည့် တစ်ကိုယ်ရည်သုံးဆေးဝါးများနှင့် အစားအသောက်များကိုပါ တစ်ပါတည်း စနစ်တကျ ပြင်ဆင်ထားကြောင်း သိရှိရပါသည်။
အင်းယားလိတ်ကိုဗစ်စင်တာကို ကနဦးမတည်၍ ဦးဆောင်လှူဒါန်းသော ကမ္ဘောဇဘဏ်သည် COVID-19 ရောဂါ မြန်မာနိုင်ငံတွင် စတင် မတွေ့ရှိမီ ဖေဖော်ဝါရီလမှ စတင်ကာ စက်တင်ဘာလ (၂၉ ) ရက်နေ့အထိ ငွေကျပ် (၇၃,၇၃၆) သိန်း (ခုနှစ်သောင်း သုံးထောင် ခုနှစ်ရာ သုံးဆယ့်ခြောက်သိန်း) လှူဒါန်းထားပြီး ဖြစ်ပါသည်။
ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့်ပြည်သူအတွက် ယနေ့အချိန်ထိ လူမျိုးမရွေး၊ ဘာသာမရွေး ၊နေရာဒေသမရွေး၊ ကဏ္ဍအသီးသီးတွင် အလှူငွေစုစုပေါင်းငွေကျပ်(၁၇၀)ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဆက်လက်၍လည်း လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာ၊လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ပေးအပ်လှူဒါန်းသွားရန် စီစဉ်ထားရှိကြောင်းသိရှိရသည်။
Source-KBZ
Photo-Skynet Uptodate