ဖောင်ကြီးဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ မလုပ်ချင်ဆုံး အလုပ်တခု (ဒီကပ်ကြီး မြန်မြန်ပြီးစေချင်ပြီ)
ဖောင်ကြီးမှာ ဂျူတီ ဆင်းရတာမှာ စိတ်မကောင်းအဖြစ်ရဆုံးက ဆုံးသွားတဲ့ လူနာရဲ့ ဆွေမျိုးတွေကို ဖုန်းဆက်အကြောင်းကြားရတာပါပဲ…ဝေဘာဂီမှာကျတော့ အဲဒီကိစ္စကို ward ထဲကပဲ တာဝန်ယူတော့ ကိုယ်တွေနဲ့ သိပ်မဆိုင်လှဘူး…
ဒီမှာကျတော့ ဆုံးသွားပြီဆိုတဲ့ အကြောင်း လူနာရှင်ကို ဖုန်းဆက်ပြောရတဲ့အခါ အခုဘယ်မှာလဲလို့ အမြဲလိုမေးမိတယ်။ ကျွန်တော်တို့၊ ကျွန်မတို့က Q နေတာပါ၊ P ထွက်လို့လာခေါ်တာကို စောင့်နေတာပါ ဘယ်မှာနေရမယ်မှန်းတောင် မသိသေးပါဘူး ဆိုတာတွေ ကြားရတဲ့အခါ စိတ်မကောင်း တော်တော်ဖြစ်ရပါတယ်…
သူတို့မှာ ကိုယ့်မိဘသေလို့မှ သဂြိုလ်ခွင့်မရှိတဲ့ ဘဝ…။ သဂြိုလ်တဲ့ အခါ ဆွေမျိုးသားချင်း ၃ ယောက် လာခွင့်ပြုတယ်ဆိုလို့ လာမလားလို့ မေးတဲ့အခါ Q ဝင်နေရလို့ လာလို့မရပါဘူး ဆရာမရယ်ဆိုတာမျိုး…
အဖေ့ဖုန်းလေးနဲ့ မျက်မှန်လေး သိမ်းထားချင်လို့ Q မဝင်ရတဲ့ အမျိုးတွေ လွှတ်လိုက်မယ် ပေးလို့ရမလားတဲ့…အလောင်းလာသယ်တဲ့သူတွေကိုတော့ တတ်နိုင်သမျှ ပြောပေးလိုက်တယ်၊ ရမရတော့မသိ… ကိုယ့်မိဘရဲ့ အမှတ်တရ ပစ္စည်းလေးတောင် သိမ်းခွင့် ရမရ မသေချာတဲ့ဘဝ…
နောက်တစ်ခုက အသက်ရှူ ပိုက်ထည့်ဖို့ လူနာရှင်ရဲ့ သဘောတူညီချက် တောင်းရတဲ့အခါ… ဖုန်းထဲကနေ အသက်ရှူပိုက်ထည့်ရင် အခြေအနေကောင်းလာမှာလားလို့ မေးခံရတဲ့အခါ အမှန်တိုင်းဖြေရတာ တော်တော်ခက်တာပါပဲ… တကယ်ကို မဖြေချင်မိဘူး…
လူနာတွေ အနားရောက်တဲ့အခါ နေကောင်းအောင်နေဖို့ ၊စိတ်ဓာတ်မကျဖို့၊ နေကောင်းရင် ကပ်ကြီးပြီးရင် တွေ့ကြမယ်နော်လို့ ပြောဖြစ်တယ်…
တစ်နေ့တစ်နေ့ ICU ကို ဖုန်းဆက်ပြီး အမေ့ကို၊ အဖေ့ကို၊ အစ်ကို့ကို ဖုန်းဆက်မရလို့၊ ဖုန်းမကိုင်လို့ စိတ်ပူလို့၊ အခြေအနေကောင်းရဲ့လား၊ အခုဘယ် Q center မှာပါ၊ အခု ဘယ်ကို ရွှေ့ရပါပြီ ပြောပေးပါဦး ဆရာမရယ် ဆိုတာတွေကို ပြန်ဖြေရတဲ့အခါလူနာ အခြေအနေရှင်းပြရင်း၊ သူတို့ပြောပေးတာတွေ ပြန်ပြောပေးပါ့မယ်ဆိုတာ ပြောရင်း နေကောင်းအောင်နေကြနော်၊ ကျန်းမာပါစေဆိုတာလေး အမြဲပြောဖြစ်တယ်…ကိုယ်တတ်နိုင်တာကဒါပါပဲ….
ဒီကပ်ကြီးကို မြန်မြန်ပြီးစေချင် လှပါပြီ…
Gardenia