ကျန်းမာရေး

ရေကို မှားယွင်းစွာသောက်နေတဲ့ ပုံစံများ

နက်ဖြန်မရှိတော့တဲ့ပုံစံနဲ့ ရေကို တကျိုက်တည်း မော့ချခြင်း

သင်က လေ့ကျင့်ခန်းလုပ်ပြီး အိမ်ပြန်ရောက်တော့ ရေကလည်းအရမ်းဆာနေတာနဲ့ ရေအများအပြားကို တကျိုက်တည်းမော့ချလိုက်တာမျိုးတွေ လုပ်ဖူးကြတယ်မလား။ အဲ့တာ မလုပ်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ ပထမဆုံးအနေနဲ့ ရေအများအပြားကို တစ်ခါတည်းသောက်ထည့်လိုက်မယ်ဆိုရင် သင့်ကို ဆီးမြန်မြန်သွားစေပါလိမ့်မယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ ရေက မြန်မြန်ပြန်ထွက်သွားရတဲ့အတွက် ဗိုက်ထဲက အစာတွေကို ခြေဖျက်ပေးပြီး လိုအပ်တဲ့အာဟာရတွေ စုတ်ယူဖို့ အချိန်မရတော့ပါဘူး။ နောက်ပြီး အဲ့လိုအများကြီးတစ်ခါတည်းသောက်လိုက်တာက တံတွေးတွေကို ရေရောပြီး အားပျော့သွားစေပါတယ်။ တံတွေးတွေက အစာခြေဖျက်ရာမှာ ပါဝင်တာကြောင့် ခုလိုအများကြီးသောက်တာက အစာခြေစနစ်ကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ရေအရမ်းဆာနေရင်လည်း တစ်ခါသောက်ရင် နည်းနည်းစီနဲ့ အကြိမ်အရေအတွက် များများသောက်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

အစာအများအပြားစားပြီးတဲ့နောက် ရေသောက်ခြင်း

တစ်ခါတစ်လေ အစာအများကြီးစားပြီးရင် အထူးသဖြင့် ငန်တဲ့ဟာတွေစားပြီး ရေအများကြီး သောက်လိုက်တာက အရမ်းကို နေရထိုင်ရရှိသွားပါတယ်။ ဒါက ဘာလို့မလုပ်သင့်တာလဲဆိုတာကို တစ်ချက်နားထောင်လိုက်ပါ။ အစားအများကြီးစားပြီးသွားရင် ကျမတို့ရဲက အစာအိမ်ထဲမှာ အစာခြေအက်ဆစ်တွေက အလုပ်တာဝန်အများအပြားကို စပြီး ထမ်းဆောင်ရပါတယ်။ ခုလို အစာကောင်းကောင်းခြေနိုင်မှလည်း အစာထဲက အာဟာရဓာတ်တွေကို ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့နေရာတွေကို ပို့ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ရေအများကြီးသောက်လိုက်မယ်ဆိုရင် အစာအိမ်အက်ဆစ်ဓာတ်တွေကို အားပျော့သွားစေပြီး အင်ဆူလင် level ကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။

အဲ့လိုဖြစ်လာရင် အစာခြေဖျက်မှုအလုပ်ကို အနှောက်အယှက်ပေးလာပါလိမ့်မယ်။ စားပြီးမှ ရေအများကြီးသောက်တာပဲ ခုလိုအစာမကြေဖြစ်စေတာမဟုတ်ပါဘူး။ အစာမစားခင် ခုလိုရေအများကြီးသောက်တာကလည်း ခုလိုဆိုးကျိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါဆို ဘာလုပ်သင့်လဲ။ ဖြစ်နိုင်ရင် အစားမစားခင်နဲ့ စားပြီး တစ်နာရီ သို့မဟုတ် နှစ်နာရီလောက်စောင့်ပေးပြီးမှ သောက်ပေးတာက အစာခြေပြီး လိုအပ်တဲ့အာဟာရတွေကို ခြေဖျက်ဖို့ လုံလောက်တဲ့အချိန်ကို ပေးပါလိမ့်မယ်။ ဒါနဲ့ ထမင်းစားနေတုန်း ရေသောက်တတ်တဲ့အကျင့်ရှိတယ် ဘယ်လိုလုပ်ရမလဲလို့မေးလာခဲ့ရင်တော့ ရေကို စားနေတုန်း ဖြည်းဖြည်းချင်းနဲ့ နည်းနည်းစီသောက်တာက ဘာမှမဖြစ်ပါဘူး။

ရေခဲရေသောက်ခြင်း

ရေဆာနေတဲ့အချိန် ရေခဲရေသောက်ရတာလောက် အရသာရှိတာ မရှိပါဘူး။ ဟုတ်တယ်မလား ပရိသတ်တို့။ ဒါပေမယ့် ရေခဲရေက သင်တို့ရဲ့ သွေးကြောတွေကို ကျဉ်းသွားစေပြီး အစာခြေမှုကို အနှောက်အယှက်ပေးတယ်ဆိုတာကော သိပါသလား။ နောက်ပြီး ရေခဲရေများများသောက်ခြင်းက သင့်ကို လည်ချောင်းနာတာတို့ အရိုးအဆစ်နာတာတို့ နဲ့ နှလုံးခုံနှုန်းနှေးတာတို့ကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် ပုံမှန်ရေက ရေခဲရေလောက်သောက်ရတာ အရသာမရှိပေမယ့် အကျင့်လုပ်သောက်ပေးမယ်ဆိုရင် သောက်တတ်လာပါလိမ့်မယ်။

မနက်လုပ်စရာတွေ အကုန်ပြီးမှ ရေသောက်ခြင်း

မနက်ထပြီဆိုတာနဲ့ သွားတိုက် မျက်နာသစ် မနက်စာစားလေ့ရှိကြပါတယ်။ အဲ့တာတွေပြီးမှ ရေကို သောက်လေ့ရှိကြပါတယ်။ ပရိသတ်တို့ကော ဘယ်လိုလုပ်ကြလဲဆိုတာ ကွန်းမန့်မှာ ပြောသွားကြပါအုံး။ လူတော်တော်များများက အဲ့လိုလုပ်လေ့ရှိကြပါတယ်။ ထထချင်း သွားမတိုက်ခင် ဘာမှမလုပ်ခင် ရေသောက်ပေးတာ ကျန်းမာရေးကောင်းကျိုးတွေပေးပါတယ်။ ခုလို သောက်ပေးလိုက်တာက ခံတွင်းထဲမှာရှိတဲ့ အစာခြေဖျက်ရာမှာ အထောက်အကူပေးတဲ့ တံတွေးတွေကို မဆုံးရှုံးစေတော့ပဲ တစ်နေ့ပတ်လုံး အစာခြေဖျက်မှုစနစ်ကို ကောင်းလာစေပါတယ်။ နောက်ပြီး ထထချင်း ဘာမှမလုပ်ရသေးခင်သောက်ပေးတာ သင့်ခန္ဓာကိုယ်က တစ်ညလုံးစုဆောင်းထာတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ညအိပ်ရာမဝင်ခင် ရေမသောက်ပေးခြင်း

ညမအိပ်ခင် ရေသောက်ရင် ညကျ ဆီးသွားချင်မှာမို့လို့ ရေလုံးဝမသောက်ပဲ အိပ်လိုက်တာက သင့်ကို နှလုံးထဖောက်ပြန်မှုဖြစ်နိုင်ခြေ များလာစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ညမအိပ်ခင်လေး ရေသောက်ပေးတာက ညအိပ်နေချိန်မှာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီးပြီးချင်း ရေခဲရေ သောက်ခြင်း

လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ ရေဆာနေတုန်း ရေခဲရေ သောက်လိုက်တာက အရမ်းကို နေသာ ထိုင်သာ ရှိစေပါတယ်။ ဒါပေမယ့်လည်း ရေခဲရေက လူ့ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါအစိတ်အပိုင်းတွေ နဲ့ အစာခြေစနစ်ကို ရုတ်တရက် ရှော့ခ် ရသွားစေနိုင်တာကြောင့် အစာအိမ်မှာ နာကျင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း ပူနေတဲ့ ခန္ဓာကိုယ်ထဲကို ရေခဲရေ လောင်းထည့်လိုက်တာက ခန္ဓာကိုယ်ကို ရုတ်တရက် ပြောင်းလဲသွားစေတာကြောင့် ကြာလာရင် ခန္ဓာကိုယ်ကလည်း ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ နောက်ပြီး သင်က လေ့ကျင့်ခန်းလုပ်ပြီးလို့ မောပန်းနေချိန် ရေခဲရည်သောက်တာက ရေဓာတ် ဖြည့်ပေးရာမရောက်ပဲ စွမ်းအင်ကို ပိုကုန်စေပါတယ်။ ဘာလို့လဲဆိုတော့ သင့်ခန္ဓာကိုယ်က ရေခဲရေကို ပူအောင် ပြန်လုပ်ပေးရတဲ့အချိန်မှာ စွမ်းအင်ကုန်ဆုံးသွားလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးပြီးချင်း ရေခဲရေ သောက်ကို ရှောင်ကျင်သင့်ပါတယ်။

ပလပ်စတစ်ဘူးခွံထဲ ရေထည့်သောက်ခြင်း

ဒါကလည်း ခဏခဏ သတိပေးရတဲ့ ပြသနာ တစ်ခုပဲဖြစ်ပါတယ်။ လူတိုင်းလိုလိုကတော့ အပြင်ကနေ ရေသန့်ဘူးတွေကို ဝယ်သောက်ပြီးရင် ရေဘူးခွံတွေကို မလွင့်ပစ်ပဲနဲ့ ရေထည့်ကာ ပြန်လည်အသုံးပြုကြတတ်ပါတယ်။ ခု ဒီစာကို ရေးသူလည်းပဲ လက်ရှိချိန်ထိ ရေသန့်ဘူးခွံနဲ့ ရေထည့်သောက်နေဆဲပဲဖြစ်ပါတယ်။ တကယ်တော့ အဲ့ဒီ ပလပ်စတစ် ရေဘူးခွံတွေမှာ BPA လို့ခေါ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် ရေဘူးခွံထဲကို ရေခဏခဏ ထည့်သောက်တာများရင် ကင်ဆာရောဂါ ကို ဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား ဖန်ဘူး ဒါမှမဟုတ် ဈေးဆိုင်တွေမှာ BPA-free ဆိုတဲ့ ရေဘူးတွေကို ဝယ်ပြီး အသုံးပြုနိုင်ပါတယ်။ BPA-free ရေသန့်ဘးတွေက ဈေး နည်းနည်းလေး ကြီးပေမယ့် ကိုယ့်ကျန်းမာရေးအတွက် ပေးရကျိုး နပ်ပါတယ်။

လူပင်ပန်းနေချိန် ရေမသောက်ခြင်း

လူတွေရဲ့ ဦးနှောက်က ရေဓာတ် ၈၀ % နဲ့ ဖွဲ့စည်းဆောက်ထားတာဖြစ်တာကြောင့် သင်တို့ရဲ့ စိတ်စွမ်းဆောင်ရည်နဲ့ ကိုယ်စွမ်းဆောင်ရည်က ရေဓာတ်ပေါ်လည်း မှီခိုနေပါတယ်။ ဒါကြောင့် အလုပ်တစ်ခု ပြီးမြောက်ဖို့အတွက်ဆို ကော်ဖီသောက်ပေးရမယ်လို့မှ မဟုတ်ပါဘူး။ သင်တို့ စိတ်ပင်ပန်းနေချိန် မှာ ရေ အနည်းငယ်သောက်ပေးလိုက်တာ သင်တို့ရဲ့ ဦးနှောက်လုပ်ဆောင်ပုံကို ၁၄% ထိ တိုးတက်လာစေပါတယ်။ ဒါကြောင့် နောက်ခါ အလုပ်မှာ စိတ်ဖိစည်းနေတဲ့အချိန်မှာ ရေလေးသောက်ပြီးတော့ စမ်းကြည့်ုလို့ရပါတယ်။

အိပ်ရာဘေးမှာ ဖန်ခွက်နဲ့ ရေထည့်ပြီး သောင်ခြင်း

တချို့လူတွေက ညအိပ်တဲ့အခါကျရင် အိပ်ရာဘေးက စားပွဲပေါ်မှာ ဖန်ခွက်နဲ့ ရေထည့်ထားတတ်ကြပါတယ်။ အဲ့ဒါကို မလုပ်သင့်တဲ့ အကြောင်းရင်း ၂ ခု ရှိပါတယ်။

– ကျူးကျော်သူတွေအတွက် နေရာကောင်းတစ်ခု

သင်သာ ရေဗူးထဲထည့်သောက်တာမျိုးမဟုတ်ဘူးဆိုရင် ဖန်ခွက်ထဲ ထည့်ထားတဲ့ ရေဟာ အကောင်ပလောင်တွေ ဖုန်မှုန့်တွေ တစ်ခါတစ်လေ ယင်ကောင်တွေ ခြင်တွေတောင် ကျနေတတ်ပါတယ်။ ပိုဆိုးတာက ညချိန်ထသောက်တဲ့အခါကျရင် မီးကမှောင် လူကလည်း အိပ်ချင်မူးတူးဖြစ်နေတော့ ဖန်ခွက်ထဲကျနေတဲ့အရာတွေကို မမြင်ပဲ အကုန်သောက်မိမှာ အသေအချာပါပဲ။

-ပေါက်ဖွားရာနေရာ

ဒါဆို အကောင်တစ်ကောင်လောက်ကျတာကတော့ ဘာမှ အန္တရာယ်အကြီးကြီးဖြစ်မှာမဟုတ်ဘူးပေါ့ လို့ သင့်အနေနဲ့ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဒါပေမယ့် စိတ်ပူရမှာက အဲ့ကောင်တွေမှာ ပါလာတတ်တဲ့ ရောဂါပိုးတွေပဲဖြစ်ပါတယ်။ ဖန်ခွက်ထဲက ရေသေတွေဆိုတာက အဲ့ဒီယင်ကောင်တွေ ခြင်တွေနဲ့ တူတူပါလာတဲ့ ဘတ်တီးရီးယားတွေအတွက် ပေါက်ဖွားလို့ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဖန်ခွက်ထဲကရေက တစ်ညလုံးထားထားမယ်ဆိုရင် ပိုးမွှားတွေပိုမို ပွှားများလာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာဘေးမှာ ရေထားချင်တယ်ဆိုရင် ရေဘူးနဲ့ ဖြစ်ဖြစ် ဒါမှမဟုတ် အဖုံးပါတဲ့ ခွက်နဲ့ဖြစ်ဖြစ် ထားဖို့ လိုအပ်ပါတယ်နော်။

ခုပြောပြသွားတဲ့ ရေကို မှန်မှန်ကန်ကန်သောက်သင့်တဲ့ နည်းလမ်းတွေထဲက ဘယ်ဟာတွေကို ပရိသတ်တို့ မှားလုပ်နေကြလဲဆိုတာ ကွန်းမန့်မှာ ပြောသွားကြပါအုံး။ မသိရသေးတာ သိလိုက်ရတယ်ဆိုရင် ခုပို့စ်ကို ရှဲပြီး သူငယ်ချင်တွေ သိအောင်လု့ိ မျှဝေပေးဖို့ တောင်းဆိုချင်ပါတယ်။