ပြည်တွင်းသတင်း

မန္တလေးတွင် အလှပြင်ဆိုင် မီးလောင်မှု ငါးနှစ်အရွယ် ကလေးငယ် အပါအဝင် အမျိုးသမီး ငါးဦး သေဆုံး၊

မန္တလေးတွင် အလှပြင်ဆိုင် မီးလောင်မှု ငါးနှစ်အရွယ် ကလေးငယ် အပါအဝင် အမျိုးသမီး ငါးဦး သေဆုံး၊

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၃၅လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ မိတ်ကပ်နှင့် ဆံပင် အလှပြင်ဆိုင်တစ်ဆိုင် ယနေ့ အောက်တိုဘာ (၁၄)ရက် နံနက် (ယမန်နေ့ည ၁၂နာရီကျော်အချိန်) က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ ဆိုင်အတွင်း အပေါ်ထပ်၌ အိပ်နေသည့် အမျိုးသမီး ငါးဦး သေဆုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆိုင်အပေါ်ထပ်၌ အိပ်နေသော အသက်(၅)နှစ်၊ (၁၃)နှစ်၊ (၂၀)နှစ်၊ (၃၅)နှစ်နှင့် (၄၅)နှစ်အရွယ် အမျိုးသမီးငါးဦး မီးခိုးမွှန် အသက်ရှူကြပ်ကာ ဆေးရုံသို့ ပို့ဆောင်စဉ် ငါးဦးစလုံး သေဆုံးခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ဆိုသည်။

ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက်ရှိ အဆိုပါ မိတ်ကပ်နှင့် ဆံပင်အလှပြင်ဆိုင်တွင် အောက်တိုဘာ(၁၃)ရက် ည(၁၂)နာရီကျော်အချိန်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး (၁၀)မိနစ်ခန့်အကြာတွင် မီငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဆိုင်အတွင်းရှိ လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ ဆိုဖာထိုင်ခုံပေါ်သို့ မီးပွားကျကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် ဆိုင်ခန်းအောက်ထပ် မျက်နှာကျက် အထပ်သားတန်ဖိုး (၇၂၀၀၀)ကျပ်၊ ဆိုင်ကယ်တစ်စီး တန်ဖိုး ကျပ်(၃၀၀၀၀၀)၊ အလှကုန်ပစ္စည်းများ တန်ဖိုးကျပ်(၃၉၀၀၀၀) မီးလောင်ဆုံးရှုံးခဲ့သည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ(၃၆)ဦး၊ အရံ(၆၆)ဦး၊ မီးငြိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်မှုကြောင့် သေဆုံးခဲ့သူ မိတ်ကပ်နှင့် ဆံပင်အလှပြင်ဆိုင်ပိုင်ရှင် အမျိုးသမီးကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၆)နယ်မြေရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၂၈၅/၃၀၄(က) (မီးပေါ့ဆမှု၊ လူသေစေမှု)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတွင် မီးလောင်မှုများ မကြာခန ဖြစ်ပွားလေ့ ရှိသော်လည်း လူထိခိုက်သေဆုံးမှု ဖြစ်စဉ် နည်းပါးကြောင်း၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအတွင်းက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဂေါဝိန်ဆိပ်အနီး အလုပ်သမားတန်းလျှား မီးလောင်မှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ မီးလောင်မှုကြောင့် မိသားစုဝင် ငါးဦး သေဆုံးမှုသည် ယခုနှစ်အတွင်း လူသေဆုံးမှု အများဆုံး မီးလောင်မှုဖြစ်ကြောင်း မီးသတ်ဌာနမှ သတင်းရရှိသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သည့် အလှပြင်ဆိုင်ကို တွေ့ရစဉ်

Credit