မန္တလေး UAB ဘဏ်ဓါးပြတိုက်သူဟာ ကားကိုထားခဲ့ပြီး မီးရှို့ထွက်ပြေး
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်း ၁၃၁လမ်းက UAB ဘဏ် စက်မှုဘဏ်ခွဲကို ဓါးပြတိုက်သွားသူဟာ ကားနဲ့ထွက်ပြေးပြီး ၆၉ Aလမ်း ၁၁၄လမ်းမှာ ကားကိုထားခဲ့ပြီး မီးရှို့သွားခဲ့တယ်လို့ ဖြစ်စဉ်မှာရောက်နေတဲ့ ဗီအိုအမ်သတင်းထောက်တွေက ပြောပါတယ်
နယ်မြေခံရဲတပ်ဖွဲ့က အရာရှိတဦးကတော့ ” ကျနော်တို့ ကနဦးသိရတာက အသက် ၄၀ အရွယ် အမျိုးသားတယောက်က ၃း၃၅ ဝန်းကျင်က ဘဏ်က သိန်း ၂၀၀ ဓါးပြတိုက်တယ် မတ်တူး နိုင်းနိုင်းအမျိုးအစားအဖြူရောင်နဲ့ ထွက်ပေးသွားတယ် ဒီလောက်ပဲသိရသေးတယ် ၊ CCTV ကလည်းပျက်နေတယ်ပြောတယ်၊ အထက်အရာရှိတွေ စစ်ဆေးဆဲရှိပါသေးတယ် တရားခံ မမိသေးပါဘူး ” လို့ VOM ကိုပြောပါတယ်
” အမှန်က ကားတိုက်တယ်လို့ဘဲထင်တာ ဒီရောက်မှာ ဒီလိုဖြစ်တယ်ဆိုတာကို ကျနော်ကသိတာ၊ လူကတော့ ၁ ယောက်ထဲ Mark II 99 လေးနဲ့ ထွက်ပြေးတာ လမ်းမှာတွဲကားကပိတ်နေတော့ သူ့နောက်ကိုဆက်တိုက်လိုက်လို့မရတော့ဘူး သူ့နောက်က စက်ရုပ်ဆိုင်ကယ်တစ်စီးလိုက်တယ်၊ ဒီလမ်းဆုံမှာဘဲလွတ်သွားတာ သူက ကားနဲ့ဆိုတော့မြန်တာပေါ့ ကျနော်က စူပါကပ်နဲ့လိုက်တာဆိုတော့ မမှီတော့ဘူး” လို့ ဓားပြတိုက်သူရဲ့နောက်ကို လိုက်လံဖမ်းဆီးခဲ့တဲ့ ကိုသီဟဝင်းနိုင်က ပြောပါတယ်
“ကျနော်တို့က ဒီကဖြစ်ပြီးမှာသိတာ ရုံးမှာ၊ ဥက္ကဋ္ဌကနေပြောလို့သိတာ ဒီရောက်တော့ အထဲကိုဝင်ကြည့်တော့ CCTV ပြန်ကြည့်တာတွေလုပ်တော့ လူကိုတော့အတိအကျမသိဘူး မိလည်းမမိသေးဘူး တံခွန်တိုင်အဝိုင်းပိတ်ဆို့နဲ့ အကုန်လုံးလိုက်နေတယ်၊ သိန်း ၂၀၀ ပါသွားတယ်လို့သိရတယ်၊ လူကတော့ ၁ ယောက်တည်းလာတာသူက ပစ်စတိုတစ်လက်ပါတယ်” လို့ (ဆ) ရပ်ကွက်က ရာအိမ်မှူး ဦးစိုးအောင်ကပြောပါတယ်