နိုင္ငံတကာသတင္း

လစ်ဘနွန် Beirut ပေါက်ကွဲမှုအတွင်း မွေးကင်းစကလေး ၃ ဦးကိုကယ်ဆယ်ခဲ့တဲ့ သူနာပြုဆရာမ

ပြီးခဲ့တဲ့ရက်ပိုင်းက လစ်ဘနွန်နိုင်ငံ၊ Beirut က ပြင်းထန်တဲ့ပေါက်ပွားမှုကြီး ဖြစ်ပွားစဉ်မှာ သူနာပြုဆရာမတစ်ဦး ဟာ မွေးကင်းစကလေးငယ် ၃ ဦးကို ကယ်ဆယ်ခဲ့ပါတယ်။ အဲဒီသူရဲကောင်းသူနာပြုဆရာမဟာ ကလေးငယ် ၃ ဦးကို ပွေ့ချီထားပြီး ဖုန်းပြောနေတဲ့ဓာတ်ပုံကို photojournalist တစ်ဦးဖြစ်တဲ့ Bilal Jawich က ရိုက်ကူးမိခဲ့တာ ဖြစ်ပါတယ်။

Image Credit: Berirut.com

ဓာတ်ပုံထဲမှာ အဲဒီသူနာပြုဆရာမဟာ ဘေရွတ်မြို့မှာရှိတဲ့ Saint George Hospital University Medical Center မှာ ပေါက်ကွဲမှုကြောင့်ဒဏ်ရသူ၊ သေဆုံးသူတွေပတ်လည်ဝိုင်းနေတဲ့ ဧည့်ကြိုကောင်တာဧရိယာနားမှာ ကလေးငယ် ၃ ယောက်ကိုပိုက်လျက် ဖုန်းပြောနေခဲ့တာ ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ဆေးရုံသူနာပြု ဝတ်စုံနဲ့ နှာခေါင်းစည်းတို့ကို ဝတ်ဆင်ထားပါတယ်။

Image Credit: Bilal Marie Jawich Facebook

ဓာတ်ပုံဆရာ Bilal Marie Jawich က အဲဒီဓာတ်ပုံကို caption စာသားတချို့ရေးသားပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ တင်ခဲ့တာဖြစ်ပါတယ်။ သူက အဆိုပါသူနာပြုကို သူရဲကောင်းတစ်ဦးအဖြစ်ညွှန်းဆိုထားပြီး သူမ ကလေးတွေကိုချီထားတဲ့ မြင်ကွင်းက သူ့ရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ် လို့လည်း ဆိုထားပါတယ်။

 

Image Credit: Nurse.org

အဆိုပါသူပြုဆရာမဟာ Saint George Hospital က သားဖွားဆောင်မှာတာဝန်ကျနေသူ ဖြစ်ပါတယ်။ ပေါက်ကွဲမှုဖြစ်ချိန်မှာတော့ သူမရဲ့ အတွေးထဲကိုဝင်လာတာကတော့ သူမကိုယ်တိုင်ရဲ့လုံခြုံရေးထက် ဆေးရုံမှာ သူမပြုစုစောင့်ရှောက်ပေးနေရတဲ့ မွေးကင်းစကလေးငယ်တွေရဲ့ လုံခြုံရေးပါပဲ။ ပေါက်ကွဲမှုဖြစ်တဲ့အခါ ဘာမှ မစဉ်းစားနိုင်တော့တဲ့သူမဟာ အလိုလို ကလေးငယ်တွေကို ပွေ့ချီမိရက်သား ဖြစ်နေပါပြီ။

Image Credit: Instagram

အဆိုပါပေါက်ကွဲမှုမှာ ဆေးရုံက သူနာပြုဆရာမ ၄ ဦးသေဆုံးခဲ့ပြီး ဆေးရုံတက်နေတဲ့လူနာတွေ၊ ဧည့်သည်တွေ နဲ့ ဆေးရုံဝန်ထမ်းပေါင်း ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ တစ်မြို့လုံးအတိုင်းအတာနဲ့ဆိုရင် လူပေါင်း ၁၃၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူပေါင်း ၅ ထောင်ကျော်ရှိခဲ့ပါတယ်။ ပေါက်ကွဲမှုအတွင်း လူပေါင်း ၂ သိန်းခွဲကနေ ၃ သိန်းကြား အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့တယ်လို့လည်း သိရပါတယ်။

တကယ်တမ်းအရေးကြုံလာပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရပြီဆိုရင် လူတိုင်းဟာ မိမိအတွက်ပဲ စဉ်းစားမိကြတာဟာ သဘာဝပါပဲ။ အဲဒီအချိန်မှာ ဘာမှတောင်မစဉ်းစားနိုင်ဘဲ အလိုလိုနေရင်း မိမိလုံခြုံရေးအတွက် ဘေးလွတ်ရာကို ပြေးမိတတ်ကြပါတယ်။

ဒါပေမဲ့ အဲဒီသူနာပြုဆရာမကတော့ ကလေးငယ်လေးတွေကို လုံးဝမမေ့ဘဲ သူမရဲ့မသိစိတ်နဲ့ကိုပဲ အလိုလို ကလေးငယ်တွေကို ပွေ့ချီ ခေါ်ဆောင်လာခဲ့သူပါ။ တကယ်ကို ချီးကျူးစရာစိတ်ထားကို ပိုင်ဆိုင်ထားတဲ့ သူရဲကောင်းသူနာပြုဆရာမလို့ ဆိုရင်လည်း မမှားပါဘူး။

Katie Scarlett
We Media

Source: Nurse.org, Mirror UK