COVID-19ရောဂါပိုးကူးစက်ခံရလို့ ဆေးကုသရေးဌာနတွေမှာ ကုသမှုခံယူခဲ့ရတဲ့ ရွှေသံလွင်ဘိုးဘွားရိပ်သာက အဘိုးအဘွားတွေဟာ ရောဂါပျောက်ကင်းသက်သာလို့ ရိပ်သာကို ပြန်လည်ရောက်ရှိလာပြီဖြစ်တယ်လို့ ရွှေသံလွင်ဘိုးဘွားရိပ်သာရဲ့ ဘဏ္ဍာရေးမှူး ဦးကျော်မျိုးထွန်းက ပြောပါတယ်။ အောက်တိုဘာ(၂၅)ရက်က ဧရာဝတီစင်တာမှာ ကုသမှုခံယူခဲ့တဲ့ အဘွားသုံးဦး ပြန်လည်ရောက်ရှိလာပြီး ဒီကနေ့မှာ Fortuneစင်တာကအဘိုး၁၄ဦး၊ အဘွား၂၉ဦး၊ ဝန်ထမ်း၉ဦးနဲ့ ဝန်ထမ်းမိသားစု၁၂ဦး ရိပ်သာကိုပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
မနက်ဖြန် အောက်တိုဘာ(၂၇)ရက်မှာလည်း ဖောင်ကြီးကုသရေးဌာနကနေ အဘိုး၂ဦး၊ အဘွား၆ဦး ရိပ်သာကို ပြန်လည်ရောက်ရှိလာဦးမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ COVID-19ကူးစက်ခံရတဲ့ အဘိုး၊အဘွားတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်စွာနဲ့ ရိပ်သာကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။
အခုလို ကျန်းမာစွာနဲ့ ပြန်လည်ရောက်ရှိလာနိုင်တာဟာ အဘိုးအဘွားတွေရဲ့ ကုသိုလ်ကံနဲ့ သီလစွမ်းအားကြောင့် ဖြစ်တယ်လို့ ဦးကျော်မျိုးထွန်းက ဆိုပါတယ်။ လက်ရှိမှာတော့ ရိပ်သာကအဘိုးအဘွား(၁၀)ဦး ဆေးကုသမှုဆက်လက်ခံယူနေရဆဲဖြစ်ပါတယ်။ ရွှေသံလွင်ဘိုးဘွားရိပ်သာမှာရှိတဲ့ အဘိုးအဘွား(၆၆)ဦးအနက် (၆၂)ဦးဟာ အောက်တိုဘာလလယ်ပိုင်းက စစ်ဆေးချက်အရ COVID-19ရောဂါပိုး ကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။
One News Myanmar