ဇက်ကြောတက်သူများအတွက် ဆင်ခြင်စရာများ
အကြောတက်ရောဂါ အမျိုးမျိုးတွင် ဇက်ကြော တက်ခြင်း၊ နောက်ကြော တက်ခြင်း၊ ခြေသလုံးနှင့် ပေါင်ကြောများ တက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာ ရှိပါသည် ။
အကြောတက်ခြင်း အမျိုးမျိုးသည် လူ၏ ခန္ဓာဗေဒအရ တည်ဆောက်ထားသော အရိုးများ လှုပ်ရှားမှုကို တွယ်ဆက် ထောက်ကန် ပေးထားသော ကြွက်ကြော၊ အာရုံကြော၊ ဆိုင်းကြော၊ ခုကြော ( အရွတ်ကြော )၊ အမြှေး၊ အရွတ် (ခုတုံး) များတွင် ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊ လျော့ခြင်း၊ အားနည်းခြင်း စသည့် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည် ။
ဇက်ကြောတက်ခြင်း အကြောင်းကို ဦးစွာ ရှင်းပြလိုပါသည်။ ရုံးထိုင်သူများ၊ စာရေး စာဖတ်များသူ၊ ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူ၊ ကျောင်းသား ကျောင်းသူ၊ ဆရာဆရာမများ၊
ကွန်ပျူတာ၊ တီဗီအကြည့်များသူ၊ အထိုင်များသူ အားလုံးပင် ဇက်ကြောတက်သည်ဟု ညည်းတွားလေ့ ရှိသည်။ မျက်စိ အာရုံစိုက်ရသူများ၊ ဆူညံသံများကြားတွင် နေထိုင်ရသူ၊
အလုပ်လုပ်ရသူများလည်း ဇက်ကြောတက် တတ်သလို အစာမကြေသူ၊ ဝမ်းချုပ်သူ၊ လိပ်ခေါင်းရောဂါ ရှိသူများလည်း ဇက်ကြောတက်ဝေဒနာ ခံစားကြရပါသည် ။
ထူးထူးခြားခြား ကလေး (၇) နှစ် အရွယ်၊ (၁၀) နှစ် အရွယ် ကလေးများတွင်လည်း ဇက်ကြောတက်ဝေဒနာ ခံစားရကြောင်း တွေ့ရပါသည်။ ထိုကလေးများမှာ ယခုခေတ်ပေါ် ဂိမ်းကစားစက်များ၊ တီဗီနှင့် တွဲဆက်ပြီး ကစားကြသူများဖြစ်ကြောင်း တွေ့ရပါသည် ။
ပြေးလွှား ဆော့ကစားရမည့် အရွယ်တွင် တီဗီဂိမ်း၊ ကွန်ပျူတာဂိမ်းများကြောင့် ကလေးများမှာ မျက်စိအာရုံကြော၊ နားအာရုံကြောများ ထိခိုက်ရုံသာမက ဇက်ကြောတက်ဝေဒနာပါ အရွယ်မတိုင်မီ ခံစားကြရခြင်း ဖြစ်သည်။ ထိုကလေးများမှာ မှတ်ဉာာဏ်များပါ ကျဆင်း သွားတတ်ပါသည် ။
ဆူညံစွာ ဆောင်းဘောက်ကြီးများ ဖွင့်ထားသော ရုပ်ရှင်ရုံအတွင်း ဈေးရောင်းသူများနှင့် ရုပ်ရှင်ရုံ ဝန်ထမ်းများမှာလည်း ဇက်ကြောတက် ရောဂါ ရနေရကြောင်း တွေ့ရသည် ။
ဝေါ့ခ်မင်းခေါ် နားကြပ်ကက်ဆက်ကို အမြဲ နားထောင်လေ့ရှိသူ ကျောင်းသားငယ်လေးများမှာလည်း ဇက်ကြောတက် ဝေဒနာနှင့် နားအကြားအာရုံ ဝေဒနာများပါ ဖြစ်ပေါ် ခံစားရကြောင်း တွေ့ရပါသည် ။
ဆူညံမှုကို အမြဲ ခံစားရသူများသည် အကြောတက်ဝေဒနာ အမျိုးမျိုး ခံစားရလေ့ ရှိသည်။ ပူပြင်းသော နေရောင်အောက်တွင် အလုပ်လုပ်ရသူများ၊ စူးရှသော အလင်းပြန်အရာကို ကြည့်သူများ၊ မီးစလိုက် အလင်းအောက်တွင် အလုပ်လုပ်ရသူများလည်း ဇက်ကြောတက် ဝေဒနာ ခံစားကြရတတ်ပါသည် ။
အော်ဟစ် ပြောဆိုရသူများ၊ သင်တန်းသား၊ စာသင်သားများကို မကြားရမည်စိုး၍ အော်ဟစ်ပြောဆို သင်ကြားပေးရသော ဆရာ၊ ဆရာမများ၊ သင်တန်းဆရာများမှာလည်း အသံပျက် ရောဂါနှင့် နောက်ကြောတက် ရောဂါများ ခံစားရလေ့ ရှိပါသည် ။
နောက်ကြောတက်ရောဂါ ခံစားရခြင်း၏ အကြောင်းအရင်းများမှာ များလွန်းသဖြင့် ဝေဒနာ ခံစားရသူလည်း အများဆုံး ဖြစ်ပါသည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ ရောင်းချသူတစ်ဦးမှာ ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက် ဝေဒနာကို ပြင်းထန်စွာ ခံစားရကြောင်း ပြောပြဖူးပါသည် ။
သူသည် အမြတ်အစွန်းကလည်း ရနေသဖြင့် ဤအလုပ်ကိုလည်း မစွန့်လွှတ်နိုင်သောကြောင့် ဝေဒနာကို ဆက်လက် ခံစားရနေဦးမည် ဖြစ်ကြောင်း ပြောပါသည် ။
ဓာတုဗေဒ အနံ့ဆိုးများကြောင့်လည်း ဇက်ကြောတက် ဝေဒနာ ဖြစ်နိုင်ပါသည်။ အစားအသောက်ကြောင့် ဇက်ကြောတက် တတ်ပါသည်။ တညင်းသီး အလွန်ကြိုက်သူ တစ်ဦးမှာ ဇက်ကြောတက် ဝေဒနာ ခံစားရကြောင်း တွေ့ရပါသည် ။
ထို့အတူ မြေအောင်းသား ပုရစ်ကြိုက်သူ၊ ငါးသလောက် ကြိုက်သူ၊ မျှစ်ချဉ် ကြိုက်သူ၊ ဆူးပုတ်ရွက်၊ အုန်းနို့၊ အုန်းထမင်း ကြိုက်သူ၊ ငါးချဉ် ကြိုက်သူ၊ ပုစွန်ချဉ် ကြိုက်သူများမှာလည်း ဇက်ကြောတက်ကြောင်း တွေ့ရလေသည် ။
ထိုကဲ့သို့ တက်စာကြိုက်သူ တစ်ဦးက “အကြောတက်ခံမယ်၊ အငတ်တော့ မခံဘူး။ မသေခင်လေးတော့ အဝစားသွားရမယ်” ဟု ပြောဖူးပါသည်။ တက်စာထဲ အဆိုးဆုံးမှာ တညင်းသီးဟု ထင်ပါသည် ။
ကျောက်ကပ်ကို ပျက်စီးစေပါသည်။ ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ပြီး ဆေးရုံ ရောက်ရသူများလည်း ရှိသည်။ တညင်းသီး အစားများပြီး လေဖြတ်သူ နှစ်ယောက် တွေ့ဖူးသည်။ ကျောက်ကပ် ပိတ်ဆို့ရာမှ သွေးတိုးမြင့်တက်ပြီး လေဖြတ်ခြင်း ဖြစ်ပါသည်။
ကောက်ညှင်း ကြိုက်သူများ၊ ဆန်စီးကြိုက်သူများနှင့် ထမင်းအမာ ချက်စားသူ၊ ဆန်ကြမ်းကို အေးမှ စားသူ၊ ထမင်းကြမ်း၊ ထမခြောက် (ထမင်းခြောက်)၊ ထမင်းချိုးကြော် စားကြသူများမှာ အစာကြေခဲသဖြင့် နောက်ကြောတက်၊ ဇက်ကြောထိုးခြင်း ဖြစ်လာတတ်ပါသည်။
အစာအိမ်တွင် လေပွပြီး လေကြောင့် ဇက်ကြောတက်ခြင်း ဖြစ်သည်။ အထက်ပါ အစာများ ကြိုက်၍ စားချင်လျှင် လေကြေ လေနိုင်သော နှမ်းဆီ ဆမ်းစားခြင်း၊ နှမ်းထောင်း ဖြူးစားခြင်းများဖြင့် ကာကွယ်နိုင်သည်။
အစာမကြေ လေချဉ်တက်သူများလည်း ဇက်ကြော တက်နိုင်သည်။ လေချဉ်သည် အစာအိမ်မှ အစာချေရည်မှ အငွေ့ပျံတက်လာသော ဂက်စ်တစ်မျိုး ဖြစ်သည်။
အစာအိမ်ရောင်လျှင် အချဉ်ခံတတ်သည်။ အစာအိမ်ကြောင့် နောက်ကြော လက်ပြင်နှစ်ခုကြားနှင့် ဇက်ကြောတက်လျှင် အလွန် ခံရခက်စေသည်။ ဆန်ပြုတ်သောက်ပြီး မာသော အစာ၊ အချဉ်အစပ်များကို လုံးဝ ရှောင်ကျဉ်လိုက်လျှင် သက်သာ ပျောက်ကင်းနိုင်ပါသည်။
အစာမကြေခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။ ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ လိပ်ခေါင်းရောဂါ ဖြစ်သည်။ လိပ်ခေါင်းရောဂါ ရှိသူများမှာ ဝမ်းကောင်းကောင်း မသွားလျှင် မနေနိုင်အောင် ဇက်ကြောတက်လေ့ ရှိသည်။
ဝမ်းမှန် လေသက်မှ ဇက်ကြောထိုး သက်သာသွားလေ့ ရှိသည်။ လိပ်ခေါင်းရောဂါ အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်မှာ အတွင်းလိပ်ခေါင်း ဖြစ်သည်။ ပြင်ပသို့ မထွက်သဖြင့် မသိသာသော်လည်း ဇက်ကြော တက်လာသည်။
ဝမ်းချုပ်သည့်နေ့တွင် ပိုတက်သည်။ ဝမ်းနှုတ်လိုက်လျှင် ဇက်ကြောတက် သက်သာသဖြင့် ဝမ်းနှုတ်ဆေးကို စားသည့်အကျင့် ဖြစ်လာသည်။ ထိုအကျင့်သည် မကောင်း။ အူမကြီးကို ဝမ်းနှုတ်ဆေးက ဒုက္ခပေးလျှင် ကင်ဆာ ဖြစ်နိုင်သည်။
ဒုတိယအဆင့်တွင် လိပ်ခေါင်းသည် အပြင်သို့ ထွက်လာသည်။ ဝမ်းသွားရန် အားထုတ်ပြီး ညှစ်လျှင် လိပ်ခေါင်း အပြင်ထွက်လာသည်။ ဝမ်းတွင်မာသော အစာပါလျှင် ပူစပ်သော အစာစားလျှင် သွေးကျတတ်သည်။
ဝမ်းသွားပြီးလျှင် ရေသုံးပြီး ပြန်သွင်းနိုင်လျှင် လိပ်ခေါင်းမှာ အတွင်းသို့ ပြန်ဝင်သွားပြန်သည်။ စအိုဝတွင် ပူခြင်း၊ ရောင်ခြင်း၊ ယားခြင်းတို့ ဖြစ်လေ့ ရှိသည်။ နောက်ကြော၊
ဇက်ကြောထိုးခြင်း၊ တင်ပါးဆုံနှင့် ခါးတွင် ညောင်းညာ ကိုက်ခြင်းများပါ ဖြစ်လေ့ရှိသည်။ အပူ၊ အစပ်၊ အမာများကို လုံးဝ ရှောင်ရမည့် အဆင့် ဖြစ်လေသည်။
လိပ်ခေါင်း တတိယအဆင့်မှာ အပြင်သို့ ထွက်နေသော လိပ်ခေါင်းကို ပြန်သွင်းမရသော အဆင့်ဖြစ်သည်။ ပထမအဆင့်၊ ဒုတိယ အဆင့်ထက် ပို၍ ဇက်ကြောတက်သည်။
ခြေနှစ်ဖက်လုံး ညောင်းကိုက်ပြီး အနင်းအနှိပ်ခံနေမှ သက်သာသည်။ ဝမ်းသွားရခက်ပြီး နှုတ်မှ သွားသော အဆင့် ဖြစ်သည်။ စနစ်မကျသော ဆေးတင်ကုသခြင်း၊ မသန့်ရှင်းသော ရိုးရာကုထုံးများဖြင့် ကုသခြင်းသည် မမှန်ကန်ပါ။
အန္တရာယ် မကင်းပါ။ ရှေးက စာရေးဆရာကြီး တက်တိုးသည် ရိုးရာနည်းဖြင့် လိပ်ခေါင်းကုသော ဆေးဆရာကြီး တစ်ဦးနှင့် စားဆေးတင် ကုသရာ သုံးကြိမ်တိုင် မအောင်မြင်သဖြင့် ထိုဆရာကြီးက ဆေးဖိုးငွေ ပြန်ပေးသည်ဟု ဆိုသည်။
ဆရာကြီးတက်တိုးက လက်မခံ။ ခြေကြွခ ယူပါဆိုပြီး ပြန်ကန်တော့သည်။ နောက်ဆုံး ဆေးရုံတက်ပြီး သားရေကွင်းပစ် ကုသလိုက်မှ လိပ်ခေါင်းရောဂါ အမြစ်ပြတ်ခဲ့သည်ဟု ဇနီးဖြစ်သူ ဆရာမကြီး ဒေါ်နုယဉ်က ဆောင်းပါး ရေးသားထားသည်ကို ဖတ်ရှုရဖူးပါသည်။
ဤသည်မှာ မြန်မာဆရာများ၏ ကုထုံးကို နှိမ်ခြင်း မဟုတ်။ ခေတ်မမီတော့သော ကုထုံးများကို ပြုပြင်စေချင်သော စေတနာဖြင့် ရေးသားခြင်း ဖြစ်သည်။ ဇက်ကြောတက်သည်၊
အကြောတက်သည် ဆိုသော စကားများမှာ လွယ်လွယ်နှင့် ပြောသောစကား ဖြစ်သော်လည်း လွယ်လွယ်နှင့် ပျောက်နိုင်သော ရောဂါအသေးအဖွဲ မဟုတ်ကြောင်း သိစေလိုပါသည်။
အပြင်သဘောမှာ လွယ်သော်လည်း အတွင်းသဘောမှာ မလွယ်သော အရာများစွာ ရှိသည်။ မူလဘူတ အကြောင်းအရင်းကို သိမျှသာလျှင် ကုသ ပျောက်ကင်းနိုင်မည် ဖြစ်သည်။ အနာသိမှ ဆေးရှိမည်။
အကျိုးကို မကုဘဲ အကြောင်းကို ကုမှသာ ပျောက်ကင်းနိုင်မည် ဖြစ်သဖြင့် ပေါ့ပေါ့ဆဆ နေသင့်သော အရာမဟုတ်ကြောင်း ရေးသားလိုက်ရပါသည်။