ပြည်တွင်းသတင်း

မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာနှင့် ထိတွေ့သူ များလာ၍ စာသင်ကျောင်းများကို Quarantine Center အဖြစ် အသုံးပြုနိုင်ရန် ပြင်ဆင်နေ

မန္တလေးခရိုင်အတွင်းတွင် COVID-19 အတည်ပြုလူနာတွေ့ရှိမှု မြင့်တက်ပြီး ထိတွေ့ဆက်စပ်သူ များလာခြင်း ကြောင့် စာသင်ကျောင်းများကို Quarantine Center အဖြစ် အသုံးပြုနိုင်ရေး ပြင်ဆင် မှုများ ပြုလုပ်နေလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။ “မန္တလေးမှာ လောလောဆယ်က ပိုးတွေ့တွေရော၊ ထိစပ်တွေရော မြင့်နေတာဆိုတော့ လက်ရှိ Quarantine Center တွေမှာ ထိစပ်တွေနဲ့ ပြည့်နေတော့ ထပ်ထားလို့ မရဘူးဖြစ်နေတယ်၊ ဒါကြောင့် မြို့နယ်တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေမှာ Quarantine Center ဖွင့်ဖို့ စီစဉ်တာပါ၊ အချို့ဆိုရင် ပြင်ဆင်နေကြပါပြီ”ဟု မန္တလေးတိုင်းဒေသကြီး COVID-19 ရောဂါဆိုင်ရာ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှား ဖြန့်ဝေသူများ ရှာဖွေဖော်ထုတ် သတင်းစောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

Image may contain: one or more people and outdoor

ယင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မန္တလေးခရိုင်အတွင်းရှိ သက်ဆိုင် ရာမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။ “ကျနော်တို့ကတော့ အထက(၂၄)မှာ Quarantine Center ဖွင့်ဖို့ လုပ်နေပါတယ်၊ ထိတွေ့သူတွေ များလို့ Quarantine Centerတွေမှာ ထားဖို့ မလောက်တော့လို့ လုပ်ရတာပါ၊ ကျောင်းတွေဆိုတော့ လျှပ်စစ်မီးတို့ ရေရဖို့တွေ စီစဉ်ရနေရတဲ့ အခက်အခဲလေးတော့ ရှိတာပေါ့၊ ကုတင်မွေ့ယာ၊ စောင်၊ ခြင်ထောင်တွေကို တိုင်းအစိုးရက ထောက်ပံ့ပေးပါတယ်၊ တိုင်းအစိုးရ အဖွဲ့ညွန်ကြားချက်နဲ့ လုပ်နေ ပါပြီ”ဟု မဟာအောင်မြေမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မ တီမှ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းက ပြောသည်။

Image may contain: one or more people, car and outdoor

မြို့နယ်ခုနှစ်ခုရှိ စာသင် ကျောင်းတစ်ကျောင်းတိုင်းတွင် Quarantine Center များ တိုးချဲ့နိုင်ရေး အတွက် စတင် ပြင်ဆင်နေခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီများနှင့် အတူ လူမှုကူရေးအသင်းများက ဝိုင်းဝန်းကူညီပေးလျက် ရှိကြောင်း သိရသည်။ “အခုဆိုရင် ကျနော်တို့ ပြည်ကြီးတံခွန်မြို့နယ်မှာဆိုရင် စက်မှုထဲက အထက (၂၇) မှာ လူ ၁၅၀ ထား နိုင်ဖို့ ပြင်ဆင်နေ ပါတယ် ၊ဘာမှ မရှိသေးလို့ လိုအပ်တာတွေကို အလှုခံနေပါတယ်၊ ထိစပ်တွေကို Quarantine ဝင်တဲ့အခါ အဆင်ပြေပြေနေနိုင် အောင်လို့ ကျနော်တို့ကတော့ မြို့နယ်ထွေအုပ်၊ ကျန်း မာရေးနဲ့ ပေါင်းပြီး စနစ်တကျဆောင်ရွက်ဖို့ စီစဉ်နေပါတယ်၊ ကျောင်း တွေကို Quarantine Center လုပ်ရတာဆိုတော့ ပြင်ဆင်ရတဲ့အပိုင်းမှာ ပြည့်စုံအောင် ဆောင်ရွက်နေရတာဆိုတော့ အခက် အခဲက တော့ နည်းနည်းတော့ ရှိတာပေါ့”ဟု ရင်ဘတ်တူညီနောင်ပရဟိတအဖွဲ့မှ ကိုဝေဖြိုးဟန်က ပြောသည်။

Image may contain: one or more people, people standing and outdoor

မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာနှင့် ထိတွေ့မိသူများအား Quarantine Center ၅ခုဖွင့်လှစ်ထားကြောင်း၊ယင်းအနက် ပုသိမ်ကြီးမြို့နယ်ရှိ ဗောဓိဉာဏတရားရိပ်သာ Quarantine Center တွင် သံဃာတော်များ သီးသန့် ထားရှိပြီး ချမ်းမြသာစည်မြို့နယ်ရှိ အားကစားနှင့် ကာယပညာ သိပ္ပံ Quarantine Center တွင် ရန်ကုန်ပြန်နှင့် ပြည်တော်ပြန်များ၊ချမ်းအေးသာစံမြို့နယ်ရှိ မန္တလာ ပညာရေးကောလိပ်၊ ချမ်းမြသာစည်မြို့နယ်ရှိ ဇီဝိတဒါနသံဃဆေးရုံ၊ ပြင်ဦးလွင်မြို့နယ်ရှိ ဇီးပင်ကြီး ဗဟိုဝန်ထမ်းတက္ကသိုလ်တို့ ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းအတွင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ ရက်ထိ အတည်ပြုလူနာ ၂၆၁၄ ဦးထိ ရှိပြီး ရောဂါ ပျောက်ကင်းသွားသဖြင့် ၁၈၅၆ ဦးမှာ ဆေးရုံမှ ဆင်းကြရပြီ ဖြစ်ကြောင်း သိရသည်။

pyi myanmar