ကိုဗစ်ကာလအတွင်း ဘုရားဖူးခွင့်၊ ခရီးသွားခွင့်၊ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့် အပါအဝင် ကန့်သတ်ချက်များ အားလုံး ပြန်လည် ဖြေလျော့မည်
————————–
နိုဝင်ဘာ ၁၇
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဗဟိုကော်မတီဉက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် ကန့်သတ်ချက်များပြန်လည်ဖြေလျော့ရန် ဆွေးနွေးခဲ့တယ်။ ဆွေးနွေးခဲ့သည့်အကြောင်းအရာများမှာ-
(၁) အထွေထွေရွေးကောက်ပွဲအပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်းများရှိခဲ့ရာ နိုဝင်ဘာလကုန် ရက်သတ္တပတ်ကာလ၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိရေး၊
(၂) ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်လျက်ရှိသော လူနာများထဲမှ ဆေးရုံဆင်းခွင့်ပြုနိုင်သည့် လူနာများအား ဆောလျင်စွာ ဆေးရုံဆင်းခွင့်ပေးနိုင်ရေး၊ အအေးပိုင်းဒေသများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားရေး၊
(၃) ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ဆေးကုသ မှုပြုခဲ့ပြီး အခြေအနေဆိုးရွားမှသာ ဆေးရုံသို့ လာရောက်ပြသမှုကြောင့် ဆေးရုံသို့ရောက်ရှိချိန်တွင် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆေးရုံသို့ လာရောက်ပြသရန် ကြောက်ရွံ့မှုမရှိစေရေး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ပြည်စုံစွာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စိုးရိမ်ရသည့် လူနာများဖြစ်ပါက မိသားစု/ ဆွေမျိုးများထဲမှ လူနာစောင့်တစ်ဉီး လိုက်ပါစောင့်ရှောက်နိုင်ရန် ခွင့်ပြုပေးရေး၊
(၄) နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူများက ဦးဆောင်ပြီး လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိရာ အဆိုပါအဖွဲ့မှ ဦးဆောင်သူများအား ဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားရန်
(၅)နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင်နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေး
(၆) Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊
(၇) Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး/ ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ် နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေး၊
(၈) နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေး
(၉)ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပေါ် မူတည်၍ ချက်ချင်း ပြန်လည်ရပ်ဆိုင်းရန် စီစဉ်ဆောင်ရွက်ထားရှိရေး၊ ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော်နေ့များ၌ Church ကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းအား လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင်ရေး၊
(၁၀) ခရစ်စမတ်ပွဲတော်ကာလတွင် လူအများစုဝေး၍ နေအိမ်များသို့ သီချင်းများလိုက်လံသီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ Church ကျောင်းများ၌ ဝတ်ပြုဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုရန်
(၁၁) ကနဉီး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များအား ကိုဗစ်-၁၉ ဖြစ်ပွားမှုအပေါ် မူတည်၍ ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊
(၁၂) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန် အကြောင်းကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကွာရန်တင်းဝင်ရောက်ခြင်းတို့ကို မပြုစေတော့ဘဲ သွားလာခွင့်ပြုရေး
(၁၃) ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးအစီအစဉ်များ အပါအဝင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် ရေတို၊ ရေရှည်အစီအမံများနှင့် စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
Myanmar Platform