ပြည်တွင်းသတင်း

မနေ့ကမှ ဆေးရုံရောက်လာတဲ့ ကျောင်းထိုင်ဆရာတော် ….ယနေ့ ကိုဗစ်ကြောင့် ပျံလွန်တော်မူ

“မနေ့ကမှ ဆေးရုံရောက်လာတဲ့ ကျောင်းထိုင်ဆရာတော် ….ယနေ့ ကိုဗစ်ကြောင့် ပျံလွန်တော်မူ”

ဆောင်းဇာခြည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြု ကျောင်းထိုင်ဆရာတော်တစ်ပါး ယနေ့ နံနက် ၁၁ နာရီက ပျံလွန်တော်မူသွားကြောင်း သတင်းရရှိသည်။

ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ကျောက်ဖြူမြို့ အောင်မြေရတနာကျောင်းထိုင်ဆရာတော် သက်တော် (၇၈) နှစ် ဖြစ်ကြောင်း သိရသည်။

ဆရာတော်မှာ ရောဂါအခံရှိသော ဆရာတော်ကြီးတစ်ပါးဖြစ်ပြီး ကျောက်ကပ်နှင့် ဆီးချိုရောဂါများ ခံစားနေရကြောင်း ကျောက်ဖြူ ဆေးရုံကြီးမှ ဒေါက်တာရဲလွင်မောင်က ပြောသည်။

“ဆရာတော်က မနေ့က ဆေးရုံတက်တယ်။ ဒီနေ့ ဆုံးတာပေါ့။ လူနာအမှတ်တောင် မထည့်ရသေးပါဘူး။ အခုဆုံးတာနဲ့ဆို ကျောက်ဖြူဆေးရုံမှာ သုံးယောက်မြောက် သေဆုံးတာပါ။ ဆရာတော်က မနေ့က ဆေးရုံ စတက်ကတည်းက ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေရတာပါ။ အဲဒါကြောင့်လည်း ဒီနေ့ မြန်မြန်ဆန်ဆန်လေး ဖြစ်သွားတာပါခင်ဗျား” ဟု ဒေါက်တာ ရဲလွင်မောင်က နိရဉ္စရာသို့ ပြောသည်။

ယင်းဆရာတော်မှာ ယမန်နေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်က ဆေးရုံစတက်စဉ် ကိုဗစ်-၁၉ ရောဂါအား ပြင်းပြင်းထန်ထန်ခံစားနေရပြီဖြစ်ကြောင်းလည်း ဒေါက်တာ ရဲလွင်မောင်က ဆက်ပြောသည်။

ကျောက်ဖြူမြို့နယ် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းထွန်းနိုင်က “ကျောက်ဖြူမြို့ပေါ်က အောင်မြေရတနာ ကျောင်းက ဆရာတော်ပေါ့နော်။ အဲဒီကျောင်းမှာ ကိုရင်လေးတွေတော့ မရှိဘူး။ ဒါယကာနဲ့ ဒါယိကာမ အဲဒီနှစ်ယောက်ပဲ ရှိတယ်။ မနေ့က ဆရာတော် ဆေးခန်းသွားပြတုန်း မသင်္ကာလို့ စစ်ကြည့်တော့ ပိုးတွေ့တာပေါ့။ အဲဒီမှာ ဆရာတော်နဲ့ အဖော်ပါသွားသူကိုလည်း ဆေးရုံမှာ ကွာရန်တင်းထားထားတယ်ပေါ့” ဟု နိရဉ္စရာသို့ ပြောသည်။

ကျောက်ဖြူဆေးရုံတွင် ယနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၂၁ ဦးကျန်ရှိနေသေးကာ ဆေးရုံဆင်းခွင့်ရရှိသူ ၃၅၁ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ယနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၄၇ ဦးရှိပြီး၊ သေဆုံးသူ စုစုပေါင်း ၂၅ ဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၉၆၇ ဦးတို့ရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ စာရင်းအရ သိရသည်။

Photo- IPRD Kyaukpyu