တရားမဝင် ပေါက်စီနဲ့ မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိ
ဒဂုံဆိပ်ကမ်းမြို့နယ်က တရားမဝင် ပေါက်စီ နှင့် ပေါင်မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား
၁၀ ဦးတွင် ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့ဆေးရုံမှ သိရသည်။
မုန့်လုပ်ငန်း၌ အလုပ်လုပ်ကိုင်နေသော ကလေးအလုပ်သား ၂၂ ဦး နှင့် ၎င်းတို့ကို အနီးကပ်စောင့် ရှောက်ပေးနေသူ
၃ ဦး စုစုပေါင်း ၂၅ ဦးကို ကိုဗစ်ပိုး စစ်ဆေးရာတွင် ၁၀ ဦး၌ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးမူယာကျော်က “သူတို့ကို မိဘတွေနဲ့ မတွေ့ခင် စပ်ကြားမှာ
လူမှုဝန်ထမ်းရဲ့ သင်တန်းကျောင်းတွေမှာ ခဏထားဖို့ လုပ်ရမယ်။ ဒီလိုသင်တန်းကျောင်းတွေမှာ ထားဖို့ဆိုရင်
ကိုဗစ် ၁၉ ကင်းရှင်းဖို့ စစ်ဆေးဖို့ရာရှိတော့ ဒီမနက်မှာ စစ်တော့ ပိုးတွေ့တာဖြစ်ပါတယ်” ဟု ဧရာဝတီသို့ အတည်ပြုပြောသည်။
ကိုဗစ်ပိုးတွေ့ ကလေးငယ် ၁၀ ဦးထဲတွင် ယောင်္ကျားလေး ၁ ဦး နှင့် မိန်းကလေး ၉ ဦးဖြစ်ပြီး
အသက် ၁၈ အရွယ်မှ အသက် ၁၂ အရွယ် ကလေးများ ဖြစ်ကြောင်း သိရသည်။
ဒေါက်တာ အေးမူယာကျော်က “ ပိုးတွေ့ ကလေးတွေရော ပိုးမတွေ့တဲ့ ကလေးတွေရော
အကုန်လုံးကတော့ ကျန်းမားရေး အကုန်ကောင်းမွန်ပါတယ်” ဟု ပြောဆိုသည်။
အဆိုပါ ကလေးအလုပ်သားများသည် အသက်မပြည့်သေးသည့် ကလေးငယ်မျာ၊း အတင်း အဓမ္မ အလုပ်စေခိုင်းမှု နှင့်
ညှဉ်းပန်းနှိပ်စက်ခံနေရသည့် စွပ်စွဲခံနေရသော ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရ ရွှေစံလှ မုန့် နှင့် ပေါက်စီလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများဖြစ်သည်။
အဆိုပါကလေးလုပ်သားထဲမှ တဦးက “ကျနော်တို့ထဲက ၁၀ ယောက်မှာ ပိုးတွေ့လို့ ဆေးရုံပို့လိုက်ပြီ
ကျနော်တို့လည်း အရေးပေါ်ကား ပေါ်မှာ ပဲ ရှိသေးတယ်။ ဘယ်ခေါ်သွားမလဲဆိုတာ မသိသေးဘူး” ဟု ပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကလေးငယ်များကို အစိုးရ၏ ကွာရန်တင်းစင်တာများသို့ ပို့ဆောင် ထားလိုက်ကြောင်း သိရသည်။ Source : Irrawaddy