“ကိုဗစ်ကာလ ထောက်ပံ့တဲ့အနေနဲ့ အပေါင်ဆုံးထားတဲ့ စက်ဘီးနဲ့ ဆိုက်ကားတွေကို အခမဲ့ပြန်ပေးတဲ့ အပေါင်ဆိုင်”
ဇော်သစ်ဦး/ဧရာဝတီတိုင်းမ်
(ငါးသိုင်းချောင်း)နိုဝင်ဘာလ ၂၄ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ရှိ အပေါင်ဆိုင်တဆိုင်က ၎င်းတို့ဆိုင်၌ လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့်ဆိုက်ကားများကို အပေါင်လက်မှတ်ပြပါက အခမဲ့ပြန်ပေးမည် ဖြစ်ကြောင်း ၎င်းဆိုင်ပိုင်ရှင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။
၎င်းဆိုင်မှာ ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက်
ဘုရင့်နောင်လမ်းတွင် ဖွင့်လှစ်ထားသော အပေါင်ဆိုင်ဖြစ်ပြီး ကိုဗစ်ကာလ အခြေခံလူတန်းစားများကို ထောက်ပံ့သည့်အနေဖြင့် ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးနှင့် ဆိုက်ကားများကို အခမဲ့ပြန်ပေးခြင်း ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်ထံမှ သိရသည်။
“ကိုဗစ်ကာလမှာ ထောက်ပံ့တဲ့အနေနဲ့ ဆိုင်မှာပေါင်ထားတဲ့ စက်ဘီးနှင့်ဆိုက်ကားကို အပေါင်လက်မှတ်ပြပါက အခမဲ့ ပြန်ပေးပါတာ”ဟု ဆိုင်ရှင်ဖြစ်သူ မခင်မာကြူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
၎င်း၏ဆိုင်တွင် လာရောက်ပေါင်နှံထားသည့် စက်ဘီးအစီးရေ ၅၀ ကျော်နှင့် ဆိုက်ကား ၃၀ ကျော်ရှိနေကြောင်း ဆိုင်၏စာရင်းများအရ သိရသည်။
ယခုလိုကပ်ရောဂါအချိန်တွင် စီးပွားရေး အဆင်မပြေသဖြင့် ပေါင်ထားသည့် ပစ္စည်းကို အခမဲ့ပြန်ပေးသည့်အတွက် ဝမ်းသာပြီး ဆိုင်ပိုင်ရှင်အား အထူးကျေးဇူးတင်ပါကြောင်း စက်ဘီးနှင့်ဆိုက်ကားများကို လာရောက်ထုတ်ယူသူများ ထံမှသိရသည်။
ဓာတ်ပုံ – ဇော်သစ်ဦး(ဧရာဝတီတိုင်းမ်)