မကြာသေးခင်က ထွက်ရှိလာတဲ့သတင်းအရ အောက်စဖို့ဒ် ကာကွယ်ဆေးဟာ ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝှမ်း ကပ်ရောဂါဆိုးကျရောက်နေချိန် ကာကွယ်ဆေး ရရှိဖို့ ကြိုးပမ်းနေကြပြီး အမေရိကန်ထုတ် Pfizer နဲ့ Moderna ကာကွယ်ဆေးတို့ကလည်း ဗိုင်းရပ်စ်ကို ၉၅ % လောက်ထိရောက်မှု ရှိကြောင်း ကြေညာထားတာလည်း ဖြစ်ပါတယ်။
AstraZeneca ဆေးဝါးကုမ္ပဏီနဲ့ အောက်စဖို့ဒ် တက္ကသိုလ်တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေး ထိရောက်မှု သတင်းဟာ ဗြိတိန်နိုင်ငံအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး သတင်းဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့ပြီး လုံခြုံစိတ်ချဖို့ အဆင့်အနည်းငယ် ကျန်နေပေမယ့် ရလဒ်ကောင်းတွေရှိမယ်လို့ ပြောထားပါတယ်။
ဒီကာကွယ်ဆေးကို ဗြိတိန်နဲ့ ဘရာဇီးလ်တို့မှာ လူပေါင်း ၂၀၀၀၀ ကျော်နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး ခုလို ရလဒ်ကောင်းတဲ့ အောက်စဖို့ဒ်ကာကွယ်ဆေးကတော့ တခြားကာကွယ်ဆေးတွေထက် ဈေးသက်သက်သာသာ ရနိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် တခြားဆေးတွေထက် ပိုပြီး သိုလှောင်ရလွယ်ကူပြီး သာမန်အပူချိန်မှာ ရေခဲသေတ္တာနဲ့တောင် သိမ်းထားနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။
ဘီဘီစီသတင်းဌာန ဖော်ပြချက်အရ အောက်စဖို့ဒ်ထုတ် AstraZeneca ဈေးဟာ စတာလင်ပေါင် ၃ နီးပါး ( အမေရိကန် ၅ ဒေါ်လာ ဈေးနှုန်းရှိနေပြီး မြန်မာငွေနဲ့ဆိုရင် ၅၀၀၀ ကျော်လောက်သာ ကျသင့်မှာလည်း ဖြစ်ပါတယ်။
ဈေးကွက်မှာ ထိရောက်မှုရှိကြောင်း သတင်းထွက်နေတဲ့ Pfizer ကာကွယ်ဆေးဟာ ၁၅ ပေါင် ( ၂၀ ဒေါ်လာ) နဲ့ Moderna ဆေးက ၃၃ ဒေါ်လာ ကျော်လောက် ကျသင့်နိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဗြိတိန်အစိုးရအနေနဲ့ အောက်စဖို့ဒ် ကာကွယ်ဆေး သန်း ၁၀၀ နီးပါး မှာယူထားပြီး ဆင်းရဲတဲ့နိုင်ငံတွေအတွက်လည်း ထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။
AstraZeneca ကုမ္ပဏီကတော့ လာမယ့်နှစ်အတွင်း တစ်ကမ္ဘာလုံးအတွက် ကာကွယ်ဆေး ၃ ဘီလီယံ ထုတ်လုပ်သွားမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
AstraZeneca ဆေးကို အိန္ဒိယမှာ အများဆုံး ထုတ်လုပ်နေကြောင်းလည်း သိရပါတယ်။