နိုင္ငံတကာသတင္း

ကိုဗစ်လူနာတွေကို ပြုစုရတဲ့ ၈ လအတွင်း ရုပ်ရည်သွင်ပြင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတဲ့ သူနာပြုဆရာမလေး

ကိုဗစ်လူနာတွေကို ပြုစုရတဲ့ ၈ လအတွင်း ရုပ်ရည်သွင်ပြင် အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတဲ့ သူနာပြုဆရာမလေး

အသက် ၂၇ နှစ် အရွယ်သာရှိသေးတဲ့ အမေရိကန် သူနာပြုဆရာမတစ်ဦးဖြစ်တဲ့ ကက်သရင်းဟာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ကုသ စောင့်ရှောက်ပေးမှု ၈ လ ကြာမြင့်ခဲ့ပြီးနောက် သူမရဲ့ရုပ်ဆင်းအင်္ဂါဘယ်လောက်ထိ ပြောင်းလဲနေပြီလဲဆိုတာကို အားလုံးသိအောင်ထုတ်ဖော်ပြသခဲ့ပြီး ရှေ့တန်းကကျန်းမာရေးဝန်ထမ်းတွေရဲ့ အနစ်နာခံမှုနဲ့ကူညီပေးနေမှုတွေကို အားလုံးသိအောင် ထုတ်ဖော်သွားခဲ့ပါတယ်။

ဧပြီလ အတွင်းကစတင်ကာ ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ပြုစုစောင့်ရှောက်နေခဲ့တာဖြစ်ပြီး သူမရဲ့မျက်နှာသွင်ပြင်ဟာ မယုံကြည်နိုင် လောက်အောင် ပြောင်းလဲသွားခဲ့ရပါတယ်။ သူနာပြုကျောင်းဆင်းဆင်းချင်း ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့ လက်ရှိသူမရဲ့ ရုပ်ရည်သွင်ပြင်ဟာ အကွာခြားကြီး ကွာခြားနေခဲ့ကာ သူမရဲ့ဖော်ပြမှုကို တွစ်တာမှာ အကြိမ်ပေါင်း ငါးသိန်းနှစ်သောင်းကျော်အထိ ပြန်လည်မျှဝေခဲ့ကြပါတယ်။

Tennessee ပြည်နယ်အတွင်းက ဆေးရုံတစ်ခုမှာ ကက်သရင်းက တာဝန်ကျနေတာဖြစ်ပြီး PPE ဝတ်ဆင်ထားရမှု၊ နှာခေါင်းစည်း တပ်ဆင်ထားရမှု ဒဏ်တွေကြောင့် သူမရဲ့ မျက်နှာပေါ်မှာ အနီရောင် အသားစိမ်းအနာတွေ ထွက်ပေါ်နေတယ်လို့လည်း သိရပါတယ်။ သူမရဲ့ တာဝန်ချိန်က တစ်ရက်ကို ၁၂ နာရီရှိနေပြီး အနားရချိန်မှာတော့ အဆိုပါအနာတွေက ပျောက်ကွယ်လေ့ရှိကာ တာဝန်ချိန်စတင်ယူပြီး ပြန်လည်ထွက်လာချိန်မှာတော့ ပြန်လည်ပေါ်လေ့ရှိနေတယ်လို့ သိရပါတယ်။

” စနေနေ့ညက ကျွန်မက ညလယ်ပိုင်းအဆိုင်း တာဝန်ယူ ခဲ့ရပါတယ်၊ လူနာခန်းကနေ ထွက်လာခဲ့ပြီးတော့ ကျွန်မPPE ဝတ်စုံကို ချွတ်ခဲ့ပါတယ်၊ ကျွန်မကျောင်းပြီးပြီးချင်းရိုက်ကူုးခဲ့တဲ့ ဓာတ်ပုံရှိခဲ့ပြီး လအနည်းငယ်အတွင်းမှာ ကျွန်မဘယ်လောက်ထိ ပြောင်းလဲသွားလဲဆိုတာကို ပြသဖို့ ဆန္ဒရှိခဲ့ပါတယ်၊ ဒါက ကပ်ရောဂါကာလ အတွင်း သူနာပြုတွေ ရင်ဆိုင်နေရမှုတွေပါ ”

” ကျွန်မမျက်နှာပေါ်မှာဆိုရင် အနီရောင် အသားစိမ်းအနာတွေ ရှိနေပြီး နာရီအနည်းငယ် အတွင်းမှာတော့ ပျောက်သွားပါတယ်၊ ဒါပေမယ့် နှာခေါင်းပေါ်က အနာတွေကတော့ နောက်တဆိုင်း ဝင်ခါနီးမှပဲ ပျောက်ပါတော့တယ်” လို့ ကက်သရင်းကဆိုပါတယ်။ သူမတာဝန်ကျရာ ဆေးရုံမှာဆိုရင်လည်း လူနာအရေအတွက်က ပြည့်နှက်နေခဲ့ပြီဖြစ်ကာ အပိုကုတင်များ ထပ်မံထည့်သွင်းထားရပြီးတော့ လူနာတွေ မနိုင်မနင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်းမှာ အလှအပနဲ့ကျန်းမာရေးကိုဂရုစိုက်ဖို့လစ်ဟင်း ခဲ့ရပြီး လူနာကိုဦးစားပေးရမယ်ဆိုတာက သူမတို့ရဲ့ တာဝန်ဖြစ်တယ်လို့လည်း ကက်သရင်းက ပြောခဲ့ပါတယ်။ ကက်သရင်းကတော့ ၁၂ နာရီခွဲကြာ အချိန်တဆိုင်းနဲ့ သုံးညကြာ တာဝန်ကျပြီး သုံးညကြာပြန်လည်ပြီး အနားယူခွင့်ရတယ်လို့ သရပါတယ်။

အားလပ်ချိန် တွေမှာတော့ ချစ်သူနဲ့အတူ ပန်းချီသွားဆွဲလေ့ရှိပေမယ့် အတတ်နိုင်ဆုံးတော့ အန္တရာယ် မဖြစ်ရလေအောင် သတိထားရတယ်လို့လည်း သိရပါတယ်။ သူမတာဝန်ကျနေရာ ပြည်နယ်မှာတော့ ကူးစက်ခံရသူပေါင်း သုံးသိန်း သုံးသောင်းနဲ့လေးထောင် ရှိပြီး သေဆုံးသူ လေးထောင်ကျော်အထိ ရှိနေပြီလို့ သိရပါတယ်။

Source ; therivernews