ပြည်တွင်းသတင်း

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဖြစ်စေရန် ဆောင်ရွက်မည်

 

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ တက္ကသိုလ်အဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်းနှင့် ထိုသို့ အဆင့်မြှင့်တင်နိုင်ရေး မဟာစီမံကိန်းတစ်ခု ရေးဆွဲအကောင်အထည်ဖော်နေကြောင်း

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ကျင်းပသော ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အထိမ်းအမှတ် အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။

“ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးကို အထူးအလေးပေးရမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ငန်းစဉ် တွေကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းပြီး မဟာစီမံကိန်း တစ်ခု ရေးဆွဲ အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရတဲ့ တက္ကသိုလ် ဖြစ်စေဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရန် ရန်ကုန်တက္ကသလိုလ်အပါအဝင် တက္ကသိုလ်၊ ဒီဂရီကော်လိပ်နှင့် ထိုကျောင်းများတွင် ဆည်းပူးနေကြည်သည့် ကျောင်းသူကျောင်းသားများ ပညာရည်မြင့်မားပြီး အမြော်အမြင်ဖြင့် ဆင်ခြင်တုံတရားပြည့်ဝသည့် လူသားကောင်းဖြစ်ရန် အရေးကြီးကြောင်း ပြောသည်။

“လူသားကောင်းဖြစ်မှသာ နိုင်ငံကို အကျိုးပြုမယ့် နိုင်ငံသားကောင်းဖြစ်လာပြီး နိုင်ငံသားကောင်းတွေကသာ ကမ္ဘာကြီးကို အကျိုးပြုမယ့် ကမ္ဘာသူ ကမ္ဘာသားကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ပထမဆုံးသော ရန်ကုန်တက္ကသိုလ်သည် မြန်မာ့နိုင်ငံရေးသမိုင်းအစဉ်အလာအကြီးမားဆုံး တက္ကသိုလ်ကြီးဖြစ်သကဲ့သို့ မြန်မာ့လွတ်လပ်ရေး၏ ဆုံမှတ်တစ်ခုလည်းဖြစ်ကြောင်းပြောသည်။

“ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံအတွက် သမိုင်းအစဉ်အလာ အကြီးမားဆုံး၊ ဂုဏ်ရှိန် အမြင့်မားဆုံး တက္ကသိုလ်ကြီးပဲ ဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းရဲ့ တောင်းဆိုမှုအရ ရန်ကုန် တက္ကသိုလ်ကြီးဟာ မြန်မာ့ပညာရေး၊ မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့လွတ်လပ်ရေးတို့အတွက် ဆုံမှတ်တစ်ခု ဖြစ်ခဲ့ရပါတယ်။”ဟု ပြောကြားခဲ့သည်။

ရန်ကုန်တက္ကသိုလ်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်စတင်ပေါ်ပေါက်ခဲ့သည့် တက္ကသိုလ်ဖြစ်ခဲ့ခြင်းကြောင့် ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်တစ်ရာ တင်းတင်းပြည့်ပြီဖြစ်သည်။

ယခင်က ရန်ကုန်တက္ကသိုလ် ရာပြည့်အခမ်းအနားကို ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ကမ္ဘာတစ်ဝှမ်းရင်ဆိုင်နေရသည့် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးကန့်သတ်ချက်များဖြင့်သာ ကျင်းပနိုင်ကြောင်း သိရသည်။

Myanmar Harp