ဒီဇင်ဘာ ၁၆ မကြာခင်ဖွင့်လှစ်တော့မဲ့ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်ရှိ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တံတားခံနိုင်ဝန်အား ယနေ့ နံနက်ပိုင်းက ၁၀ ဘီးကားရှစ်စီးဖြင့် စမ်းသပ်စစ်ဆေးခဲ့ကြောင်း မြို့နယ် ပြန်/ဆက်မှ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်ရှိ လမ်းအမှတ် (၁၀) ဘိုကလေး – မော်လမြိုင်ကျွန်း – ကျုံမငေး – ဝါးခယ်မ – မြောင်းမြလမ်း မိုင်တိုင်အမှတ် (၂၂/၄) ရှိ ကျွန်းပြဿဒ်တံတား (သရွတ်မြိုက်) တည်ဆောက်နေမှုမှာ
ယခုအချိန်တွင် ရာခိုင်နှုန်းပြည့်ပြီးစီးနေပြီဖြစ်ပြီး တံတားခံနိုင်ဝန် စမ်းသပ်ခြင်းလုပ်ငန်းများကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် တာဝန်ရှိသူများက စမ်းသပ်စစ်ဆေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
စမ်းသပ်စစ်ဆေးရာတွင် တံတားပေါ်၌ မီတာ ၉၀ အကျယ်ရှိသော အခန်းတွင် တန် ၂၀ အလေးချိန်ရှိသော ၁၀ ဘီးကားရှစ်စီးဖြင့် တံတား၏ ခံနိုင်ဝန်ကိုသိရှိရန် တံတား၏ ကွေးညွတ်မှုကို တိုင်းတာခြင်း၊
သံမဏိသံပေါင်များအတွင်းရှိ ခံနိုင်စွမ်းအား တိုင်းတာခြင်းသိရှိရန်အတွက် Static Load Test ဆောင်ရွက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊
အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းမြနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ပြီး တိုင်းတာတွက်ချက်မှုအရ ထွက်ရှိလာသော ရလဒ်များမှာ သတ်မှတ်ချက်အတွင်းရရှိသဖြင့် တံတားအား Fit for Service အဖြစ် သတ်မှတ်ကြောင်း သိရပါတယ်။
အဆိုပါ တံတားသည် အရှည် ၇၂၀ မီတာ၊ အကျယ်မှာ ၉ ဒသမ ၅ မီတာရှိပြီး လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာစီ ပါဝင်သော
နှစ်လမ်းသွား တံတားဖြစ်ကြောင်း၊ ပင်မတံတား၏ အပေါ်ထည်မှာ မီတာ ၉၀ အရှည်ရှိသည့် သံမဏိသံပေါင်ခုံး တံတားအမျိုးအစားဖြစ်ပြီး
အောက်ထည်နှင့် ကြမ်းခင်းမှာ သံကူကွန်ကရစ် အမျိုးအစားဖြစ်ကြောင်း၊ ချဉ်းကပ်တံတားများအား မီတာ ၃၀ အရှည်ရှိသည့် ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မများဖြင့် တည်ဆောက်ထားကြောင်း၊ တံတားခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း သိရပါတယ်။
ကျွန်းပြဿဒ်တံတား အုတ်မြစ်ရေလယ်တိုင်များကို ၁ ဒသမ ၅ မီတာနှင့် ၁ ဒသမ ၂ မီတာ အချင်းရှိသည့် သံကူကွန်ကရစ် ဘိုးပိုင်များဖြင့် အသုံးပြုတည်ဆောက်ထားပြီး
သံမဏိသံပေါင် မီတာ ၉၀ ရှိသော တံတားခန်းဖွင့် သုံးခန်း၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ မီတာ ၃၀ ရှိသည့်
တံတားခန်းဖွင့် ၁၅ ခန်း ပါရှိကြောင်း၊ ရေလမ်းကင်းလွတ် အမြင့်ပေ ၄၀ နှင့် အကျယ်ပေ ၂၄၀ ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် တံတားအား မကြာမီ အသုံးနိုင်တော့မည်ဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်နေသည့် တည်ဆောက်ရေးအဖွဲ့ (၂)ထံမှ သိရပါတယ်။
Credit #လွှမ်းသီဟ (ပြန်/ဆက်)