ရှေးဟောင်းရွှေထည်များ တွေ့ရှိသူကို ကြိုတင်ဆုကြေးငွေ (၅၁) သိန်း ချီးမြှင့်ပြီး ထပ်မံချီးမြှင့်ရန် စီစဉ်နေစစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ ကျောင်းဖြူကျေးရွာမှ ရှေး ဟောင်း ရွှေထည်ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက်စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ကြိုတင်ဆုကြေးငွေ ကျပ် (၅၁) သိန်း ချီးမြှင့် ပေးအပ်ခဲ့ပြီး ဆက်လက်၍ ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်
။ကျောင်းဖြူကျေးရွာနေ ဦးကျော်မိုးသည် ဒီဇင်ဘာ (၉) ရက်တွင် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ (၁၀၀၀) ခန့်အကွာရှိ ချောင်းအတွင်း ရေခပ်ရန်သွားရောက်စဉ် ချောင်းရေ တိုက်စား၍ ကမ်းပါးပြိုကျထားသည့်နေရာတွင်ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို တွေ့ရှိရသဖြင့်
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်း နေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား ပြောပြကာ ကျေးရွာသားအချို့နှင့်အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာတွင် ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော်ခန့်ရှိ ရွှေထည်ပစ္စည်း (၃) ခု ထပ်မံတွေ့ရှိခဲ့သည်။အဆိုပါ တွေ့ရှိမှုနှင့်စပ်လျဉ်း၍
ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိရာ နေရာသို့ ဒီဇင်ဘာ (၁၂) ရက်တွင် မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စစ်ကိုင်းဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများပါဝင်သည့်အဖွဲ့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့အား တွေ့ဆုံ၍
ရှေးဟောင်းပစ္စည်းများအား တရားမဝင်ရောင်းချခြင်းမပြုဘဲ နိုင်ငံတော်သို့ အပ်နှံပါက ထိုက်တန်စွာ ဆုချီးမြှင့်ကြောင်းနှင့် မိမိတို့ဒေသ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒေသခံများက တွေ့ရှိခဲ့သည့် ရှေးဟောင်းရွှေထည်ပစ္စည်းများ အပါအဝင် ရွှေထည်ပစ္စည်း (၆) ခုနှင့် ကြေးဟင်္သာအလေးတစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံခဲ့သည်။မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများက အဆိုပါ ရှေးဟောင်းရွှေထည် ပစ္စည်းများကို ဒီဇင်ဘာ (၁၄) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးပို့အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံများ အတွက်
ကြိုတင်ဆုကြေးငွေ ကျပ် (၅၁) သိန်း ချီးမြှင့်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှ တစ်ဆင့် အဆိုပါပစ္စည်းများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ပေးပို့သွားမည် ဖြစ်သည်။ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရှိ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးစားနှင့် ခေတ်ကာလသတ်မှတ်ချက်တို့ကို စစ်ဆေးပေးမည်ဖြစ်သည်။
ဆက်လက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ ပေးပို့၍ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးမည်ဖြစ်ကာ မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။