ပြည်တွင်းသတင်း

စစ်ကိုင်းတွင် ပြည်သူများဘုန်းကြီးကျောင်းများမှစွန့်သည့် ထမင်းဟင်းကို လာရောက် စောင့်ဆိုင်းကာ အလှူခံစားနေရပြီ

စစ်ကိုင်းတွင် ပြည်သူများဘုန်းကြီးကျောင်းများမှ တောင်းစားနေရပြီ

ဒီဇင်ဘာ ၂၁

စစ်ကိုင်းမြို့တွင် ကိုဗစ်ကာလ လုပ်ငန်းများရပ်နားထားရပြီး ဝင်ငွေမရှိတော့သည့်အတွက် စားသောက်ရေးကြပ်တည်းလာသောအခြေခံလူတန်းစားများမှာ စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်း အချို့မှ စွန့်သည့်ထမင်းဟင်းကို လာရောက် စောင့်ဆိုင်းကာ အလှူခံစားသောက်နေရကြောင်း သိရသည်။

COVID-19 ဒုတိယလှိုင်းကာလ ကြာမြင့်လာမှုနှင့်အတူ လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းကြောင့် နေ့စဉ် ဝင်ငွေမရှိတော့သော စစ်ကိုင်းမြို့ပေါ် ရပ်ကွက်အချို့မှ အိမ်ထောင်စု ၂၀၀ ကျော်မှာ စားသောက်ရန် အခက်အခဲ ဖြစ်ပေါ်လာမှုကို ယခုကဲ့သို့ ဘုန်းကြီးကျောင်းမှ စွန့်သည့် ထမင်းဟင်းကို လာရောက် စောင့်ဆိုင်းကာ ဖြေရှင်းနေရခြင်း ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ အစားအသောက် ခက်ခဲလျက်ရှိသော လက်လုပ်လက်စား မိသားစုများကို စစ်ကိုင်းတောင်ရိုးရှိ မြစကြာကျောင်းတိုက်မှ နေ့စဉ် ထမင်းနှင့် ဟင်းပေါင်းများကို ပေးဝေလျက်ရှိခြင်း ဖြစ်သည်။

ထို့အတူ ယင်းမိသားစုဝင်များကို ယခုအခါ အလှူရှင်အချို့ကလည်း ထမင်းထုပ်များ လာရောက်ဝေငှမှုများ ရှိလာကြောင်း သိရသည်။

 

“အစောပိုင်းတုန်းကတော့ အခြားဘုန်းကြီးကျောင်းတွေကလည်း ထမင်းကျန်ဟင်းကျန်တွေ စွန့်ပါတယ်။ နောက်ပိုင်း ကိုဗစ်ဖြစ်ပြီး ပိတ်တာတွေနဲ့ ဘုန်းကြီးကျောင်းတွေကလည်း မဝေတော့ဘူး။

 

ဒီ မြစကြာကျောင်းကတော့ နေ့တိုင်းဝေပေးနေတာ။ ဒီလောက် လူမများခင်ကတော့ ဘုန်ုးကြီးကျောင်းရှေ့ လာတဲ့သူတွေကို ဝေနေရင်းနဲ့ တဖြည်းဖြည်း လူများလာတော့ အမြင်မကောင်းတဲ့အတွက် ဒီနောက်ဖေးလမ်းကြားမှာ ပြောင်းလာတာ”ဟု စစ်ကိုင်းတောင်ရိုးအနီး နေထိုင်သူတစ်ဦးက ပြောကြားသည်။

 

ကျွန်တော်တို့က ရွှေမင်းဝံအုပ်စု မြရတနာ ရပ်ကွက်ကပါ။ ဒီလို အလှူခံလာကြတဲ့ အိမ်ထောင်စုတွေက လုပ်ငန်းကိုင်ငန်း တွေကလည်း လော့ဒေါင်းချ ဘာညာနဲ့ဆိုတော့ လုပ်စားလို့ မရဘူး။

 

ရပ်ရွာတွေက ပိတ်ထားတော့ အခါကျတော့ ဘူးခွံကောက်တာတွေက လုပ်လို့မရဘူး။ အဲဒီတော့ စားရေး သောက်ရေးက အဆင်မပြေတော့ဘူး။ အဲဒီလိုအခြေအနေမှာ ဘုန်းကြီးကျောင်းကို လာတဲ့အခါမှာ မနက်စာ တစ်နပ်လေးတော့ ရတာပေါ့”ဟု မြရတနာရပ်ကွက်မှ လာရောက်သူ ကိုသိန်းအောင်က ပြောကြားသည်။

ယင်းကဲ့သို့ ဘုန်းကြီးကျောင်းမှ စွန့်သည့် ထမင်းဟင်းဖြင့် စားသောက်ရေး ဖြေရှင်းနေသည့် အိမ်ထောင်စုများမှ တစ်ချို့မှာ တောင်ယာလုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့တဲ့နှစ်တွေတုန်းက လယ်ပိုင်ရှင်၊ တောင်ယာပိုင်ရှင်တွေ ထွက်သမျှသီးနှံအကုန်ရှုံးကျတယ်၊ သီးနှံထွက်သမျှ အဓီကထားပြီး ပို့နေရတာ တရုတ်နဲ့ အိန္ဒိယကိုလေ၊ တရုတ်နဲ့မတည့်တဲ့ ဒီအစိုးရလက်ထက် ၂၀၀၆ ကနေ ၂၀၂၀ထိ ၀ယ်လိုက်မ၀ယ်လိုက်လုပ် စီးပွားရေးကစားနေကြတော့ အကုန်ရှုံးကော၊ သူတို့ရှုံးတော့ တောင်ယာလိုက်စိုက်တဲ့ နေ့စားတွေလည်း အလုပ်မဲ့ကုန်ကုန်တယ်၊ ကိုဗစ်ကထပ်ဖြစ်တော့ အကုန်ငတ်ကုန်တာပဲ”ဟု လာရောက်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 

“ကိုဗစ်ကြီး အမြန်ပြီးချင်လှပါပြီ။ လုပ်စားရတာလည်း ခဲယဉ်းပြီး ဘယ်မှလည်း သွားလို့လာလို့ မရဘူး။ ကလေးမုန့်ဖိုး တောင်းရင်တောင် ပေးစရာမရှိတဲ့ဘဝ ဖြစ်နေတာ။

 

လုပ်ငန်း အဆင်မပြေတော့ အကြွေးယူစားနေရတာ။ လုပ်ငန်းပြန်လုပ်ရမှ ပေးမယ်ဆိုပြီး ဆိုင်တွေကလည်း ပေးလို့တော်သေးတာပေါ့”ဟု မြရတနာရပ်ကွက်မှ လာရောက်သူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

“ပန်းရံလုပ်ကြတာ လုပ်ငန်းတွေ ပိတ်ထားရပြီး စားစရာမရှိတော့ ဒီလာတောင်းကြရတာပဲ ။ အမေကြီးတို့ကတော့ ဒီကိုလာတာ သိပ်မကြာသေးဘူး။ ဒီလို ဝေတယ်ဆိုတာ ကြားလို့လိုက်လာတာ။ မိသားစုက ခုနစ်ယောက်ရှိတာ။

နေတာက အမေကြီးရဲ့အစ်မ သီလရှင်ကျောင်းမှာ နေကြရတာ။ အဲဒီကျောင်းရှေ့မှာ ကွမ်းယာဆိုင်လေး ဖွင့်ထားပေမဲ့ မရောင်းရပါဘူး။ အလုပ်အကိုင်မရှိတော့ တစ်နပ်ပဲ သက်သာသက်သာ ဒီမှာလာပြီး ယူစားကြတာပေါ့။ ပထမလှိုင်းတုန်းက တော်သေးတယ်။

 

အခုတစ်ခါက လုံးဝကို စားစရာမရှိတာ။ အစိုးရထောက်ပံ့ကြေးက အခုခေတ်ကုန်စျေးနှုန်းနဲ့ဆို ၃ ရက်စာလောက်ပဲရှိတာလေ၊ တစ်မိသားစုစာမလောက်ဘူး၊ မှန်တာပြောတာ”ဟု ထမင်းဟင်း စောင့်ဆိုင်းယူသူ တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းမြို့မှာ ဒေသတွင်း ရောဂါကူးစက်မှု မြင့်မားသည့် အခြေအနေအရ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၁၁ ရက်မှ ၂၄ ရက်အထိ Stay Home နေထိုင်ရန် စည်းကမ်း သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ပြီး စစ်ကိုင်းဆေးရုံကြီးတွင် လတ်တလော ဆေးရုံတက်ရောက်လျက်ရှိသူ လူနာ ၁၀၀ ဝန်းကျင် ရှိနေဆဲဖြစ်သည်။

Photo – Eleven

NLO