ပြည်တွင်းသတင်း

ဆိုက်ကားနင်းရင်း ရသမျှထဲက လေလွင့်ခွေးတွေအတွက် ထမင်းကြွေးလာတာ ဆယ်စုနှစ်ကျော်ပြီး ဖြစ်တဲ့ ဦးတောင်ဆိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဆိုက်ကားနင်းပြီးဘဝကို ရုန်းကန်နေရပေမယ့် သူရသမျှထဲက လမ်းဘေးတွေအတွက် အမြဲတမ်း ထမင်းကျွေးနေတဲ့ ဦးတောင်ဆိတ် အကြောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သူ့ပုံစံကတော့ မေးစေ့မှာ တွဲလောင်းကျနေသော မုတ်ဆိတ်မွှေး ကျဲ ကျဲ ကြောင့် သူ့ကိုရပ်ကွက်ထဲက ဦးတောင်ဆိတ်လို့ အမည်ပေးထားကြသည်။ ဦးတောင်ဆိတ်သည် ယုဇနဥယျာဉ်မြို့တော် ၅လမ်းက ဆိုက်ကားဆရာ တစ်ဦးဖြစ်ပြီး ထိုရပ်ကွက်ထဲရှိ လေလွင့်ခွေးများကို အစာကြွေးနေသည်မှာ ၁၀ စုနှစ်များစွာ ရှိပြီဖြစ်ပါသည်။ ဆိုက်ကားနင်း၍ ပုံမှန်ရသော ဝင်ငွေလေးငါးထောင်ခန့်မှာ လေလွင့်ခွေးအကောင်ရေ ၃၀ ခန့်ကို နေ့စဉ်အစာ ကျွေးနိုင်ရန်အတွက် အသုံးပြုသည်။

ကျွန်တော်ငယ်ငယ်ကတည်းက ခွေးချစ်တတ်တယ် သူတို့တွေက လူတွေကျွေးမှ စားရတယ်။ ခွေးတွေကသနားစရာကောင်းပါတယ်။ ညဘက် လူချေတိတ်ချိန် ဟောင်လို့ဆိုပြီး အရိုက်အနှက်ခံရတယ်။ ဒါပေမယ့်သူတို့ကြောင့် ရပ်ကွက်သူခိုးမကပ်တာ လူတွေမသိကြဘူး” ဟု ဦးတောင်ဆိတ်က ပြောပြပါတယ်။

ခွေးအကောင် ၃၀ ကိုနေ့စဉ် ထမင်းကျွေးရန် ဆန်နှစ်ပြည် ကုန်ကျစရိတ် ကျပ် ၁၄၀၀ ဖြင့်ဝယ်ရပြီး ငါးနှင့်ကြက်သားဖိုးပါ ထပ်ပေါင်းပါလျင် တစ်နေ့ကုန်ကျငွေမှာ သူနေ့စဉ်ဝင်ငွေထက် ပိုများနေလေသည်။ ထို့ကြောင့် သူကညအချိန်များတွင် ပလပ်စတစ် ဘူးခွံကောက်ပြီး ထိုအလုပ်မှ အပိုဝင်ငွေရှာသည်။ လမ်းသန့်ရှင်းရေးနှင့် အနီးပတ်ဝန်ကျင်ရှိ ဈေးဆိုင်မှာကို အမှိုက်လှည်းကျင်း သန့်ရှင်းပေးသဖြင့် သူ့အတွက် ခွေးစာဖိုးများကို လှူပေးကြသည်။

သူ့အတွက်ကတော့ ချွေတာတဲ့ အနေဖြင့် ထမင်းတစ်နပ်သာစားသည်။ သူစားသည်မှာလည်း ၅ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ ထမင်းကြော် ကြက်ဥနှင့်သာ စားသည်။ ပြီးလျှင် သူတစ်နေကုန်ရေသာသောက်ကာ အလုပ်ကိုလုပ်ပါတော့သည်။ “ပိတောက်လမ်းအလယ်လောက်မှာ ခွေးတွေအတွက် တစ်နေ့ နှစ်ကြိမ်ထမင်းချက်တယ် တစ်ခါတစ်လေ လည်းပတ်ဝန်းကျင်ကမီးခိုးမွန်လို့ တိုင်တာတွေရှိတာပေါ့”ဟု ဦးတောင်ဆိတ်က ဆိုသည်။

နေ့လည် တစ်နာရီထိုးသည်နှင့် ဆိုက်ကား ခေတ္တနားကာ ထမင်းချက်သည်။ ပြီးလျင်တော့ ငါးနှင့် ကြက်သားကို ပြုတ်ကာ ထမင်းနှင့်ရောနယ်ပြီး သူ၏ခွေးလေးများကို စကျွေးတော့သည်။ ဟင်းနံ့လေးများသင်းလာပြီးဆိုရင်တော့ ကားအောက်၊ အရိပ်ရသည့်နေရာများတွင် အသင့် စောင့်ဆိုင်းနေသော ခွေးလေးများ အလျှိုအလျှိုထွက်လာကြတော့သည်။

“ခွေးတွေက တော်တော် အနံ့ခံနိုင်တဲ့ သတ္တဝါတွေ။ လူတွေဘယ်လောက်ပဲ ညင်းဆဲပါစေသည်းခံကြတယ်။”ဟု အသက် ၇၈ နှစ်ရှိပြီဖြစ်သည့် ဦးတောင်ဆိတ်ကဆိုသည်။ ဦးတောင်ဆိတ်က တစ်ကိုယ်တည်းသမားဖြစ်သည်။ အိမ်ထောင်ကျဖူးသော်လည်း အခုတော့တစ်ကိုယ်တည်း ပရဟိတအလုပ်ကို လုပ်ရင်းဘဝကို ရောင့်ရဲနေသူဖြစ်ပါငည်။

ခွေးများကိုအစာကျွေးသည့် အလုပ်တစ်ခုတည်း မဟုတ်ပဲ ခွေးများဒဏ်ရာ ရသည့်အခါများတွင်လည်း ဆေးကုပေးတတ်သေးသည်။ သူ့ဆိုက်ကားပေါ်က ခြင်းတောင်းထဲတွင်တော့ ခွေးနှင့်ပတ်သတ်သည့်ဆေးမီးတိုမှာ အစုံအလင်နှင့် ဝဲဆေးကအစဆောင်ထားသည်။”ခွေးရူးကာကွယ်ဆေးတော့ ကျွန်တော်မထိုးပေးနိုင်ဘူး ဈေးကြီးတယ်လေ စေတနာရှိလို့ထိုးပေးမယ်ဆိုရင်တော့ ကျွန်တော် ကြိုဆိုပါတယ်”ဟု သူကဆိုသည်။

သူကတော့ အသက်ရှင်သန်နေသေးသ၍ ကူကယ်ရာမဲ့နေသည့် လေလွင့်ခွေးများကို စောင့်ရှောက်ပေးနေအုံးမည် ဟုဆိုသည်။” ကျောက်ခေတ်ကတည်းက ခွေးတွေက လူတွေနှင့်အတူနေလာတာ” ခွေးတွေဟာ သူတို့သခင်ကို ဘယ်တော့မှ သစ္စာမဖောက်တဲ့အပြင် စောင့်ရှောက်ကြသည်။ တိုင်းပြည်အတွက်တောင်ပေးဆပ်တဲ့ ခွေးတွေရှိသေးတယ်မဟုတ်လား။ ဥပမာ မိုင်းရှင်းပေးတဲ့ခွေးတွေပေါ့”ဟုဦးတောင်ဆိတ်ကဆိုသည်။ဖတ်ရှု့အားပေးတဲ့ပရိသတ်ကြီးလည်း ဦးတောင်ဆိတ်အကြောင်း သိရပြီးဖြစ်လို့ ကျေနပ်လိမ့်မယ်လို့ထင်ပါတယ်။ ဦးတောင်ဆိတ်အလှူ အတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်။မူရင်းရေးသားသူအား လေးသားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်ဗျာ။