ကိုဗစ်ရောဂါကုသရေးလုပ်ငန်းများအတွက်ကျပ် ၁၅ ဘီလီယံကျော် လှူဒါန်းခဲ့တယ်လို့ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်က ပြောကြားလိုက်ပါတယ်။
ဦးဇော်ဇော်က “၂၀၂၀ခုနှစ်မှာ ကိုဗစ်ကပ်ဆိုးကြောင့် အခက်အခဲတွေကြုံခဲ့ရပေမယ့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ ဆရာဝန်၊ ဆရာမ၊ စေတနာ့ဝန်ထမ်းတွေရယ် သဒ္ဓါ တရားထက်သန်တဲ့ အလှူရှင်တွေရယ် လူသားဆန်တဲ့ ခံယူချက်နဲ့ အတူ ပူးပေါင်း ဆောင်ရွက်ခွင့်ရခဲ့ပါတယ်။
ကပ်ရောဂါကို ခုခံတွန်းလှန်နိုင်ဖို့အတွက် ဧရာဝတီ ဖောင်ဒေးရှင်း အနေနဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အတတ်နိုင် ဆုံးကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ စေတနာရှင် အလှူရှင်တို့ရဲ့ (၅.၇)ဘီလီယံနဲ့ မိမိလှူဒါန်းငွေ (၁၅.၅)ဘီလီယံ စုစုပေါင်း (၂၁.၂)ဘီလီယံအထိ သုံးစွဲခဲ့ပါတယ်။
ငွေကြေးသုံးစွဲမှုများနဲ့ ပတ်သက်လို့ ပြင်ပစာရင်းစစ်များနဲ့ စစ်ဆေးပြီး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ လူသားအရင်းအမြစ်တွေ ပေါင်းစပ် ကြိုးပမ်းခဲ့မှုနဲ့အတူ ဧရာဝတီစင်တာအနေနဲ့ ကိုဗစ်လူနာပေါင်း (၁၀၀၀၀)ကျော်ကို လက်ခံကုသပေးနိုင်ခဲ့ပြီး (၂၀၀၀၀)ကျော်ကို ပိုးရှိမရှိစစ်ဆေးပေးနိုင်ခဲ့ ပါတယ်။
မဆုတ် မနစ်ကြိုးပမ်းကုသမှုတွေကြားမှာပဲ အသက်ပေါင်း (၂၇၀)ကျော် မလွဲမရှောင်သာ လက်လွှတ်ဆုံးရှုံးခဲ့ရပေမယ့် အရေးပေါ်လူနာတွေအပါအဝင် ကုသမှုခံယူသူ (၉၀၀၀)နီးပါး ကျန်းမာစွာနဲ့ နေအိမ်ပြန်နိုင်ဖို့ စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်”လို့ဆိုပါတယ်
ယင်းအပြင် “ လူ့ဘဝခဏတာရှင်သန်ချိန်မှာ ဒုက္ခ၊ အခက်အခဲဆိုတာ မလွဲမသွေ ရင်ဆိုင်ကြုံတွေ့ရမှာဖြစ်ပြီး နှစ်သစ်အချိန်အခါတစ်ခုတည်းမဟုတ်ဘဲ အချိန်တိုင်းမှာ တစ်ဦးကိုတစ်ဦး စာနာနားလည်ခွင့်လွှတ်စိတ်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး လူသားအား လုံးအတွက် လှပတဲ့အနာဂတ်ကို ဖော်ဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်”လို့ ဦးဇော်ဇော်ကလူမှုကွန်ယက်မှ တစ်ဆင့်ပြောကြားထားပါတယ်