ပြည်တွင်းသတင်း

လမ်းဘေးက ကော်ရှုကလေးငယ်တွေကို ခေါ်ယူမွေးစား လိမ္မာစေခဲ့တဲ့ ခိုလှုံရာရိပ်သာက ဆရာမလေး

လမ်းဘေးက ကော်ရှုကလေးငယ်တွေကို ခေါ်ယူမွေးစား လိမ္မာစေခဲ့တဲ့ ခိုလှုံရာရိပ်သာက ဆရာမလေးကြယ်ငါးလေးတစ်ကောင်ဖမ်းမိတယ်…ဘာဖြစ်ဖြစ် မလွှတ်ပါဘူးကွယ်… ပုံ့ကို ဟိုး…အရင်ထဲက သိတဲ့သူဆို ဒီကလေးလေးကို မှတ်မိကြပါလိမ့်မယ်…မသိသေးတဲ့ လူတွေအတွက်ရယ်၊ ပရဟိတလုပ်ချင်လို့ ဘယ်လိုစလုပ်မလဲလို့ မေးတဲ့လူတွေအတွက်ရယ် ပုံ့ သူတို့နဲ့ စတွေ့ဖြစ်ကြပုံလေးကို အကျဉ်းလေး ပြောပြမယ်လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၆ လောက်မှာ ကော်ရှုလေလွင့်နေကြတဲ့ ဒီကလေးတသိုက်နဲ့ ပုံ့ စတွေ့ခဲ့ပါတယ်…တွေ့ခဲ့တဲ့ နေရာက ဘယ်မြို့မှာမဆို ဒီလို ကလေးတွေကျက်စားနေကျနေရာဖြစ်တဲ့….

ဘူတာ…. ပုံ့က အဲ့ချိန်တုံးက ဆရာမလုပ်နေတဲ့အချိန်…ညနေ ကျောင်းကပြန်တော့ ဗိုက်ဆာတာနဲ့ ဘူတာမှာ အကင်ဝယ်စားဖြစ်တယ်…ပုံ့အကျင့်က အစားဆို ရတာနဲ့ တန်းစားချင်တာ…ဒါနဲ့ ကြက်ကင်ဆိုင်ဘေးက ခုံလေးမှာဘဲ မကျက်သေးတဲ့ အကင်တွေစောင့်ရင်း ကျက်တဲ့အကင်တွေ ထိုင်စားနေလိုက်တယ်…ခဏနေတော့ ထုံးစံအတိုင်း အသက် ၄ နှစ်အရွယ်တစ်ယောက်၊ ၆ နှစ်အရွယ်လောက်တစ်ယာက် လက်ထဲ ကော်ဗူးလေးတွေကိုင်ပြီး ရောက်လာပါပြီ“…မကြီး သားကို မုန့်ဖိုးပေး…ပုံ့အကျင့်ကလဲ တမျိုး…ဟင်းစားမပေးချင်ဘူး…ကွန်ချက်ပဲပြချင်တာ…တောင်းတယ်၊ ပေးလိုက်တယ်၊ သုံးတယ်၊ ကုန်သွားတယ်…အဲ့လို သံသရာလည်နေတာကို မကြိုက်ဘူး…

သူတို့ တောင်းရင်စားရမှန်းသိနေရင် လွယ်လွယ်ဘဲတောင်းနေတော့မယ်…တောင်းရတာ ရှက်စရာကောင်းမှန်းလဲ မသိတော့ဘူး….ဒါနဲ့ ပုံ့ ပထမ တခွန်း၊ နှစ်ခွန်း မသိချင်ယောင်ဆောင်ပြီး ဆက်စားနေလိုက်တယ်…အံမယ် ကိုယ်တော်က အနားလာထိုင်ပြီး လက်လေးကုတ်ပြီး အီးညှောင့်၊ အီးညှောင့် တောင်းတာဗျ…ဒါနဲ့ ပုံ့လဲ မုန့်ဖိုးမပေးနိုင်ဘူး…မုန့်စားမလား ဝယ်ကျွေးမယ်ပေါ့… ဘာပြန်ပြောတယ်ထင်လဲ…မုန့်ဖိုးဘဲလိုချင်တာတဲ့…နောက်နေ့စားဖို့တဲ့…ခုက ဗိုက်ဝပြီတဲ့ ခုန ထမင်းစားထားတယ်တဲ့…ပုံ့ကလဲ ဘယ်ရမလဲ သူတို့လောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…မုန့်ဖိုးတော့ မပေးဘူး…ပိုက်ဆံရရင် နင်တို့က ကော်ရှုတာပေါ့…ဒါနဲ့ သူတို့ကလဲ ဗိုက်ဝရင် မရှုပါဘူးတဲ့…

ပုံ့လဲ ပြန်ငြင်းတာ ဟင် နင်တို့ ခုနပြောတော့…ဗိုက်ဝနေပြီဆိုလို့…ဒီလိုနဲ့ အပြန်အလှန် မေးကြပြောကြတယ်ပေါ့…ပုံ့လက်ထဲက အကင်လေးတွေလဲကျွေး စကားတွေလဲပြောနဲ့ ရင်းနှီးလာတယ်…မေးကြည့်တော့ အကြီးလေးက မိဘတွေ မရှိတော့ဘူး…အငယ်လေးကတော့ ဖွားအေရှိသေးတယ်… ဒီလိုနဲ့ ကော်ရှုတဲ့အကြောင်းတွေပြော…ဆိုင်ခန်းတွေ ဖောက်တဲ့အကြောင်းတွေပြောနဲ့…ပြောရင်း ပုံ့လဲ တောင်းစားရတာ ရှက်စရာဆိုတဲ့အသိလေး သူတို့ စိတ်ထဲ တဖြည်းဖြည်းသွင်းပေးတယ်… နောက် သူတို့ကို ပုံ့ခေါ်မယ် ဘယ်လိုကျောင်းထားမယ်…ဘယ်လိုနေရမယ် ဆွဲဆောင်တယ်ပေါ့…ဒီလိုနဲ့

ပြောရင်း ပြောရင်း အကြီးလေးက ပုံ့ခေါ်တဲ့နောက် လိုက်မယ်တဲ့…အငယ်လေးကလဲ လိုက်ချင်တယ်…သူ့အဖွားပြောပေးပါပေါ့…ဒါနဲ့ ပုံ့လဲ ပိုင်ပဟ ဆိုပြီး သူတို့နေတဲ့ နေရာမေး နောက်နေ့ဆက်ဆက်လာခေါ်မယ်လို့ ပြောပြီး ပြန်ခဲ့တယ်….နောက်နေ့ရောက်တော့ ဆိုင်ကယ်တစ်စီးဆွဲပြီး ပုံ့တယောက်ထဲ အကြောက်အလန့်မရှိ…သူတို့လိုလူတွေ နေတဲ့ စုရပ်ဖြစ်တဲ့ ကျောက်တော်ကြီး ဘုရားဝင်းထဲသွားခဲ့တယ်…ကလေးတွေတင်မှတ်တာ…ဟိုရောက်တော့ ရွာတောင် တည်လို့ရတယ်…ချက်ပြုတ်နေတဲ့လူတွေ ဖုန်ထဲ အိပ်နေတဲ့လူတွေရော…အို..စုံလို့…အရွယ်စုံဘဲ ၃၀ လောက်ရှိတယ်….

ပုံ့လဲ တယောက်ထဲ ဝင်သွားပြီး အောင်နိုင်ဦးရောလို့ သူ့ကို မွေးစားမလို့ လိုက်မယ်ဆိုလို့ လာခေါ်တာလို့…အဲ့လိုပြောတော့ အကုန်ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်…မဖြစ်ခံနိုင်ရောလား…ဒီလူကြီးတွေက ဒီကလေးလေးတွေကို တောင်းစားခိုင်းနေကြတဲ့ နောက်ကွယ်ကလက်မဲတွေလေ…သူတို့ စားခွက် သွားလုသလိုဖြစ်တာပေါ့… အဲ့မှာ သူတို့ကလဲ ဘယ်ကို ခေါ်မှာ ဘာလို့ ဘာညာပေါ့…ပုံ့လဲ ရှင်းပြပေးတယ်…အဲ့ချိန် အောင်နိုင်ဦးလေးက ထုံးစံအတိုင်း လက်ထဲ ကော်ဗူးတလုံးနဲ့ ဆရာမ ဆိုပြီး ပြေးထွက်လာတယ်…သူလိုက်မယ်ဆိုပြီး

လူကြီးတွေပြောပြီး ပုံ့အနားကပ်နေတယ်ဒါနဲ့ ပုံ့လဲ နောက်လိုက်မယ့် အသေးလေးရောလို့မေးတော့ သူ့အဖွားဆိုသူက ထွက်လာပြီး မထည့်နိုင်ဘူး ဘာညာနဲ့…ခိုင်းစားချင်တာလေ…ပုံ့လဲ ကလေးကို ခိုင်းစားရမလားဆိုပြီး စိတ်တိုတာနဲ့ လူ ၃၀ နဲ့ တစ်ယောက် မကြောက်မလန့် ရန်ဖြစ်ပလိုက်တယ်…အကုန်တိုင်မယ်ပေါ့…ဒီကလေးက လိုက်ချင်ရဲ့သားနဲ့ မထည့်ရင်… တောင်းစားနေတာ ရှက်ဖို့ကောင်းကြောင်း ခင်ဗျားတို့ အကောင်းတွေနဲ့ မရှက်လို့ တသက်လုံးတောင်းစားနေပေမဲ့…ကလေးတွေက မလုပ်ချင်တော့တာကို အတင်းဆွဲမထားနဲ့ မထည့်ရင် တိုင်မယ်တောမယ် ဘာညာဖြဲခြောက်

ပြီး ခေါ်လာလိုက်တယ်ဆိုင်ကယ်ဆီ လမ်းလျှောက်သွားကြရင်း ကလေးလေးနှစ်ယောက်ရဲ့ ပုခုံးလေးတွေကိုဖက်ပြီး သားတို့ အခု တောင်းစားတဲ့သူလဲ မဟုတ်တော့ဘူး…လေလွင့်ကလေးလေးတွေလဲ မဟုတ်တော့ဘူး…ဒါကြောင့် သားတို့ ဆရာမနဲ့လိုက်မယ်ဆို လက်ထဲက ကော်ဗူးလေးတွေ ပစ်လိုက်တော့ဆိုတော့ သူတို့နှစ်ယောက်လုံး လက်ထဲက ကော်ဗူးလေးတွေက်ု ပြိုင်တူလွှင့်ပစ်ပြီး ပုံ့ ဆိုင်ကယ်က်ု ရှေ့တယောက်၊ နှစ်တယောက်စီးပြီး ဘဝအသစ်တစ်ခုဆီ အပြီးလိုက်ခဲ့ကြတော့တယ်…ဒါနဲ့ သူတို့ကို ပုံ့အိမ်ခေါ် ရေမိုးချိုးပေး၊ သနပ်ခါးလူး၊ အင်္ကျီအသစ်လေးတွေ ဝတ်ပေးပြီး…

အင်္ကျီတွေ အရုပ်တွေ အကုန်ဝယ်၊ အထုတ်လေးနဲ့ထုတ်ပေးပြီး ညနေရောက်တော့ ဒီလိုကလေးလေးတွေကို စောင့်ရှောက်ပညာသင်ပေးတဲ့ ကွမ်းခြံကုန်းမြို့က ဝိဇယမင်္ဂလာကျောင်းတိုက်ဆီ ခရီးထွက်ခဲ့တော့တယ်….ဟိုရောက် ဆရာတော်ဆီ အပ်နှံ…လိုတာတွေ ဝယ်ပေး ပြန်လာတယ်ပေါ့…တပါတ်လောက်နေတော့ ကလေးလေးတွေ အဆင်ပြေမပြေ သွားကြည့်တယ်… အဆင်ပြေပြီး ကျောင်းလဲ တက်ကြမယ်ဆိုတော့ ဝမ်းသာရတယ်…ဒါနဲ့ ဓာတ်ပုံလေးတွေ ရိုက်လာပြီး ကျန်ခဲ့တဲ့ ကလေးတွေကို ဆွဲဆောင်ဖို့ ခြေလှမ်းစပါတော့တယ်…နောက်နေ့ရောက်တော့ အဲ့ဓာတ်ပုံလေးတွေယူပြီး ဘူတာကို သွားပါတော့တယ်…ဘူတာရောက်တော့

အဆင်ပြေနေတဲ့ ကလေးနှစ်ယောက်ပုံပြပြီး…ကျန်တဲ့ကလေးတွေကို အောင်နိုင်ဦးတို့ အရမ်းအဆင်ပြေနေတဲ့အကြောင်း၊ ပျော်စရာကောင်းတယ်ဆိုတဲ့အကြောင်း၊ ကျောင်းတွေတက်တော့မယ် ဆိုတဲ့အကြောင်း အားကျအောင်ပြော ပြီး သားတို့ပါ လိုက်ချင်ရင် ခေါ်မယ်ဆိုပြီး မြူဆ်တော့…ကလေးတွေ စိတ်ပါပြီး လိုက်မယ်ဖြစ်ရောဒါနဲ့ ညတွင်းချင်း ကလေးတွေစိတ်မပြောင်းခင် ကလေးတွေကို ခေါ်…မိဘတွေပြောရမယ်ဆိုတဲ့ကလေးတွေကို သူတို့ မိဘတွေနေတဲ့ ကမ်းနားထဲတွေ၊ ကိုင်းတောထဲတွေထိလိုက် ပြောပြီး…ကလေးတွေကို ဓမ္မဗိမာန်ကျောင်းကို စုခေါ်… ဆရာတော်ကို ခွင့်တောင်းပြီး ကလေးတွေကို ရေမိုးချိုး ကိုယ်တိုင် သနပ်ခါးတွေလူးပေးပြီး ကားငှားကွမ်းခြံကုန်းကိုက ဝိဇယမင်္ဂလာကျောင်းကို ထပ်ပို့ပါတော့တယ်…စုစုပေါင်း ၁၀ ယောက်ပေါ့…

ဟိုရောက်တော့ လိုတာတွေ ဝယ်ခြမ်း၊ ဆရာတော်ဆီ အပ်နှံပြီး ပြန်ခဲ့ပါတော့တယ်…လူလဲ စုမိရော စပြီး မွှေပါပြီ…တပါတ်လောက်နေတော့ ဘုန်းဘုန်းက ကလေးအချို့ ထွက်ပြေးတဲ့အကြောင်း၊ လိုက်ဖမ်းတဲ့လူကို ခဲနဲ့ထုပြီး ပြေးတဲ့အကြောင်း ဖုန်းဆက်ပါတော့တယ်…ဘုန်းဘုန်းလဲ လိုက်ဖမ်း ချော့မော့ထားပြီး ပုံ့ကို လာဖို့ခေါ်ပါတော့တယ်…ပုံ့လဲ လိုက်သွားပြီး ဟိုရာက်တော့ ကလေးတွေကို အဲ့လို မလုပ်ဖို့ပြောပြီး…ဘုန်းဘုန်းနဲ့တိုင်ပင်ကာ လူခွဲထားဖို့ တိုင်ပင်ရပါတယ်…ဒါနဲ့ ၄ ယောက်ကို YGW ပို့…ကျန်တဲ့ကလေးတွေကို ဘုန်းဘုန်းကဘဲ တာဝန်ယူပြီး ဆက်လက်စောင့်ရှောက်ပေးပါတယ်…ဘယ်လောက်ပဲ ကောင်းတဲ့နေရာကိုပို့ပို့ မရတဲ့လူကတော့ မရပါဘူး…ကျန်ခဲ့တဲ့ ကလေး ၅ ယောက်ထဲက ၃ ယောက်ထွက်ပြေးပြီး၊ ၂ယောက်ကျန်ခဲ့ပါတယ်…

အဲ့ ၂ယောက်ကတော့ ကိုရင်ဝတ်ပြီး ဘုန်းဘုန်းမပျံလွန်ခင်ထိ ကျောင်းတွေတက်ပြီး လိမ်လိမ်မာမာနေသွားကြပါတယ်…ဘုန်းဘုန်းပျံလွန်ပြီးနောက်မှာတော့ ဘုန်ဘုန်းစောင့်ရှောက်ထားတဲ့ စွန့်ပစ်ခံအဖွားလဲ ပုံ့ဆီရောက်လာခဲ့တယ်…နောက်လ နည်းနည်းနေတော့ အရင်ဆုံး ပုံ့နဲ့လိုက်ခဲ့တဲ့ ကိုရင်အောင်နိုင်ဦးလေးလဲ လူဝတ်လဲပြီး လပွတ္တာဘက်ကို အလုပ်ထွက်လုပ်လေရဲ့…မကြာခင် လအနည်းငယ်ကဘဲ ခိုးလို့ လက်မခံနိုင်ပါဘူး…သူခိုးမို့ဆိုပြီးကိုရင် ဖိုးချစ်လေးကိုလဲ လူဝတ်လဲပြီး ပုံ့ဆီပြန်ပို့လိုက်ပါတယ်….ကလေးလေးတွေကို ချော့တခါ ခြောက်တလှည့်နဲ့ ပြုစုခဲ့တဲ့ ပျံလွန်သွားတဲ့ဘုန်းဘုန်းကိုဘဲ သတိရပါတယ်…အခုတော့ ဘုန်းဘုန်းမရှိတဲ့နောက် အောင်နိုင်ဦးလေးလဲ ကိုရင်မဟုတ် စာမသင်ရတော့ပေမဲ့ အရင်လို လေလွင့်ကလေး မဟုတ်တော့ဘဲ အလုပ်လုပ်နေတယ် ကြားရတော့ ဝမ်းသာမိတယ်…ပုံ့ဆီ လာပို့

တဲ့ ကိုရင် ဖိုးချစ်လူထွက်လေးကလဲ ရိပ်သာမှာ နိုင်သလောက်ကူရှာတယ်…ခိုးတယ်ဆိုတာလဲ သူတို့ပြောလို့သာ ကြားရတယ်…ဒီမှာတော့ တခါမှ ခိုးတာ မရှိပါဘူး…ညီလေး ညီမလေးတွေနဲ့ဆော့တယ်…ဝိုင်းထိန်းတယ်…အဘိုးအဖွားတွေအတွက် ထမင်းဝိုင်းခူးပေးတယ်…ရိပ်သာက ဝန်ထမ်းအကိုနဲ့ ကူပြီး ရိပ်သာအလုပ်တွေ ကူလုပ်တယ်…ဆော့တယ် စားတယ် ကူတယ်…သား ဘူတာနဲ့ နီးနီးလေးလေ သားပြန်ချင်လားဆိုတော့…ဟင့်အင်း မပြန်ဘူး…သား ဒီမှာဘဲ ပျော်တယ်တဲ့…အရမ်းကျေနပ်ပါတယ်…ဆယ်သလောက် တင်မကျန်ခဲ့ပေမယ့်…ကျန်သလောက် ကလေးလေးတွေရဲ့ စိတ်ထဲက ပေါ့ပျက်ပျက်စိတ်လေးတွေနေရာမှာ တန်ဖိုးရှိတဲ့ စိတ်လေးတွေ ထည့်ပေးနိုင်ခဲ့တယ်…ကော်ရှုလေလွင့်ကလေးတွေဘဝကနေ ကိုယ့်အားကိုယ်ကိုးတဲ့လူငယ်လေးတွေ၊

ပရဟိတစိတ်ရှိတဲ့လူငယ်လေးတွေအဖြစ် ပြောင်းပေးနိုင်ခဲ့တယ်…အဲ့တုံးက ပုံ့ သူတို့ကို ဆုံးမခဲ့တဲ့ စကားလေး ရှိတယ်…ကြမ်းပေမယ့် စေတနာစကားမို့ ပြန်ပြောပြချင်ပါမယ်….သားတို့…ဟိုးမှာ ခွေးလေးတွေ့လား…အဲ့ခွေးလေး ဗိုက်ဆာရင် ဘာလုပ်လဲသိလား….”အစာလိုက်တောင်းတယ် ဆရာမ…”စားပြီး ဗိုက်ဝရင်ရော သူဘာလုပ်လဲ…သား…အိပ်တယ်၊ ဆော့တယ်၊ ဟောင်တယ်…”အိပ်ရင်ရော သူဘယ်မှာအိပ်လဲလမ်းဘေးမှာ အိပ်တယ်…ဒါဆို သားတို့ကရော…”ဆိုတော့ နာရမှန်းမသိ ရီနေရှာတယ်…သားတို့ ဆာရင်ဘာလုပ်လဲ…အိပ်ရင်ရော ဘယ်မှာအိပ်လဲ…”“…ဟီးဟီး ဆာရင်တောင်းတယ်…ဗိုက်ပြည့်ရင် လမ်းဘေးမှာဘဲ အိပ်တယ်၊ ဆော့တယ်..”“….ဒါဆို သားတို့က ခွေးနဲ့ ဘာထူးလဲ တူတူဘဲလေ ပုံစံဘဲကွာတာ…”သားတို့က လူဖြစ်ချင်တာလား…ခွေးဖြစ်ချင်တာလား…” ဆိုတော့….တညီတညွှတ်ထဲ “…လူဖြစ်ချင်တာ…” တဲ့…
