ကယ်ဆယ်ရေးလေယာဥ်ပေါ်က ပိုးတွေ့လူနာ (၆၃) ဦးနဲ့ ကိုဗစ်တတိယလှိုင်း အချက်ပေးခေါင်းလောင်းသံ
ဒီဇင်ဘာ ၂၇ ရက်က ကျွန်တော်တို့ သွားရောက်ခေါ်ဆောင်တဲ့ ဂျော်ဒန်ကယ်ဆယ်ရေးဖလိုက်မှာ ပါလာတဲ့ခရီးသည်တွေဟာ Facility Q ဝင်နေကြတယ်။ သူတို့ထဲက ခရီးသည် အားလုံးစစ်လိုက်တဲ့အခါ ၆၃ ယောက်ပိုးတွေ့တယ်လို့သိရတယ်။ တကယ်တော့ ကယ်ဆယ်ရေးဖလိုက်တွေမှာ ပမာဏအများဆုံး တွေ့ဖူးတဲ့ ဖလိုက်လို့ပြောလို့ရတယ်။
ကိုဗစ်စဖြစ်ကထဲကနေ ယနေ့အချိန်အထိ MAI နဲ့ MNA တို့ရဲ့ ပြည်ပကယ်ဆယ်ရေးဖလိုက်တွေမှာ ကြားမိသလောက် တချို့ဖလိုက်တွေ ပိုးတွေ့လူနာမပါ၊ တချို့ဖလိုက်တွေ ၁-၂ ယောက် ၊ တခါတလေ ၇ ယောက် ၈ ယောက် ဆယ်ယောက်ကျော် အများဆုံးပဲ။
ဒီတခေါက် ၆၃ ယောက်တောင်တွေ့တယ်ဆိုတာ အတော်လေးများတယ်လို့ ဆိုရမယ်။ ဂျော်ဒန်ကနေ ရန်ကုန်ဆိုတာကလဲ ခရီးကရှည်တယ်။ ၄ နာရီခွဲလောက်မောင်းပြီး ကြားမှာ အိန္ဒိယက မြို့တမြို့မှာ ဆီဝင်ဖြည့်ရတယ်။
ပြီးမှ ရန်ကုန်ကို ရောက်ဖို့နောက်ထပ် ၃ နာရီခွဲလောက်ပျံသန်းရတာဆိုတော့ လေယာဉ်ပေါ်မှာ ခရီးသည်တွေနဲ့က ပျံသန်းချိန် ၈ နာရီခန့်နဲ့ ဆီဖြည့်ချိန် မြေပြင်ပေါ် ၁ နာရီလောက် အားလုံးပေါင်း ၉ နာရီကျော်လောက် တစုတစည်းထဲအတူရှိနေတာဖြစ်တယ်။
သို့ပေမဲ့ ယခင်ကလဲဂျော်ဒန်ဖလိုက်တွေ ရှိခဲ့ဖူးပါတယ်။ ဒီလိုမများပါဘူး။ ဘာကြောင့်ဒီတခေါက်များရလဲဆိုတာ တွေးဆစရာပါ။
လေယာဉ်ပေါ်မှာ အစားအသောက်ကျွေးတဲ့စနစ်ပြောင်းရမလားဆိုတာ ထည့်တွက်သင့်တယ်။ အစားကျွေးချိန်တူတော့ အစားအသောက်ရောက်ချိန် တူတူဖွင့်စားကြရင်း ကူးတယ်ယူဆရပါတယ်..
ဒါပေမဲ့ စဉ်းစားဖို့က အခေါက်ပေါင်းများစွာ ၇-၈ လခန့် ကယ်ဆယ်ရေးဖလိုက်တွေဆွဲနေတာ ဒီလိုပဲကျွေးတယ်။ ခရီးသည်တွေ ဒီလိုပဲစားတယ်။ ပိုးတွေ့ မရှိတဲ့ဖလိုက်၊ ၁-၂ ယောက်တွေ့ ၊ ၇-၈ ယောက်၊ ဆယ်ယောက်ကျော် ဒီလောက်ပဲရှိတယ်။
ကျွန်တော်ထင်တာတော့ မူလကိုဗစ်ပိုးက လေယာဉ်တွင်းလေသန့်စင်စနစ်၊ လေထုတ်သွင်းလှည့်လည်စနစ်တွေကြောင့် ပိုးကူးစက်မှု မရှိသလောက်ဖြစ်တာလို့ယူဆရတယ်။
ပြီးခဲ့တဲ့ ဂျော်ဒန်ဖလိုက်မှာ ခရီးသည်တွေဟာ အစကထဲက ၆၃ ယောက်လုံးပိုးရှိနေတာလား သို့မဟုတ် ၄-၅ ယောက်လောက်ပိုးရှိသူပါလာပြီး လေယာဉ်ပေါ်မှာကူးတာလား မသိနိုင်ပါ။
စစ်ဆေးတဲ့ ကျန်းမာရေးဦးစီးဌာနကတော့ ဒီပိုးဟာ မူလပိုးလား၊ မျိုးကွဲဗီဇပိုးလားသိနေလောက်ပါပြီ။ မူလမျိုးဆိုရင်တော့ အရင်ဖလိုက်တွေမှာ များများမတွေ့ပဲ ခုမှဘာလို့အဲ့လောက်များများပိုးတွေ့သွားရသလဲ စဉ်းစားရမှာဖြစ်တယ်။
အခုပိုးတွေ့သူတွေဟာ ကွာရန်တင်းစင်တာတွေမှာ တွေ့တာဖြစ်ပါတယ်။ ပြင်ပနိုင်ငံတွေမှာ ဒုက္ခရောက်နေလို့ အမိမြန်မာပြည်ကိုပြန်လာနိုင်ဖို့ အစိုးရကတော့ ကြိုဆိုပေးနေကြသလို မြန်မာပြည်ကအဲလိုင်းကြီး ၂ လိုင်းကလဲ ပြေးဆွဲပေးနေကြပါတယ်။
ကျန်းမာရေးဦးစီးဌာနဘက်ကလဲ ပြန်လာသူတွေကို Q ဝင်ရက်ထပ်တိုးထားပါတယ်။ ကနဦးက FQ, HQ ၃ ပတ်ထားရာကနေ ၁ ပတ်ထိလျှော့ချ ပြီးရင် အိမ်မှာတပတ် Home Stay ဆိုပြီးဖြစ်လာသေးတယ်။
အခုတော့ နိုင်ငံတော်က ကမ္ဘာကြီးရဲ့ ကိုဗစ်အခြေအနေကြည့်ပြီး FQ, HQ ၂ ပတ်ထား Swab Test ၂ ခါစစ်ရမယ်လို့ ထုတ်ပြန်လိုက်တာသိပ်မှန်တယ်။
အစိုးရကခုတမျိုး တော်ကြာတမျိုးလို့တချို့ထင်ကြမယ်။ နိုင်ငံအသီးသီးမှာလဲ အခြေအနေပေါ်မူတည်ပြီး ထုတ်ပြန်ချက်အသစ်တွေလုပ်နေရတာပါပဲ။
မျိုးကွဲဗီဇ မြန်နှုန်းမြင့်ပိုးက တိုင်းပြည်အတော်များများဆီ စိမ့်ဝင်နေတာဆိုတော့ အခုနောက်ပိုင်း စီးနင်းကြတဲ့ခရီးသွားများ ပိုဂရုစိုက်သင့်ပါတယ်။
ဖေ့စဘွတ်ပေါ်မှာ ကိုဗစ်နဲ့ပါတ်သတ်ပြီး စာတွေရေးနေတဲ့ ကျွန်တော့မိတ်ဆွေ ဟိုတနေ့က ရန်ကုန်ကနေ စင်္ကာပူပြန်တဲ့အကြောင်းလေး ရေးထားတာမှာ လေယာဉ်ပေါ်မှာ အစာမစား ရေမသောက် ရှုးမပေါက်ခဲ့ပဲ Mask တချိန်လုံးတပ်ထားတယ်လို့ဆိုတယ်။
အမှန်တော့ အဲ့လိုလုပ်နိုင်ရင်အကောင်းဆုံးပါ။ Risk အရမ်းနည်းတာပေါ့။ တခုတော့ရှိတယ် ဖလိုက်ကအဝေးကြီးစီးရမှာမျိုးဆိုရင်တော့ boarding gate မှာ ကိုယ်ယူလာတဲ့မုန့်လေးကို လူတွေနဲ့ခပ်လှမ်းလှမ်းအပြီးစားခဲ့တာ ပိုကောင်းတယ်။
ဒီလိုကာလမှာ မျိုးကွဲမြန်နှုန်းမြင့် ကိုဗစ်ပိုးဆိုတာကလဲ နိုင်ငံအချို့ကိုရောက်ပြီးနေပြီဆိုတော့ လေယာဉ်ပေါ်မှာပါလာလား မပါလာလား မသိနိုင်တော့တဲ့ အနေအထားမှာ လေယာဉ်ပေါ်ကအစားအသောက်ကို ခရီးသည်အားလုံးကဖွင့်စားတာအန္တရာယ်ရှိတယ်။
အထူးသဖြင့် မြန်နှုန်းမြင့်ကူးစက်တဲ့ပိုးပါလာသူ ၃-၄ ယောက်ဆိုရင်ကို ခရီးစဉ်ရှည်ရင်ရှည်သလို ကူးစက်မူ့တွေများနိုင်တယ်။
ခရီးဝေးလို့ မနေနိုင်လို့စားရင်တောင် ကိုယ့်ဘေးပတ်လည်ကလူတွေ မစားတဲ့အချိန် စားသင့်တယ်။ အခြားလူစားနေတုန်း Mask ဖြုတ်ပြီးစကားပြောနေတာတွေ့ရင်မစား မသောက် ခဏအောင့်ထားပေါ့။
ခရီးသည်အားလုံးကလဲ ကိုယ်စားသောက်ချိန်ကလွဲ Mask ကိုတချိန်လုံးတပ်ထားခြင်းဖြင့် ကိုယ့်ကိုကူးစက်လာမှုလဲ နည်းနိုင်သလို ကိုယ့်ဆီမှာအကယ်၍ ပိုးရှိခဲ့ရင်တောင် ဘေးလူကိုကူးဖို့ chance နည်းစေတာပေါ့။
အရမ်းကြီးတော့ ကြောက်ဖို့မလိုပေမဲ့ မျိုးကွဲဗီဇမြန်နှုန်းမြင့်ပါလာရင်တော့ ကြောက်သင့်ပါတယ်။ တခါရေးဖူးသလို လေယာဉ်တွင်းလေထုတ် လေသန့်စနစ်တွေဟာ ကောင်းပါတယ်။
ကိုယ်ကသာ Mask သေချာတပ်ထားရင် အဆင်ပြေနိုင်ပါတယ်။ ဂျော်ဒန်ဖလိုက်မှာ ခရီးသည်တွေကြား တာဝန်ထမ်းဆောင်တဲ့ လေယာဉ်မောင် မယ်တွေကော၊ ခရီးသည်တွေရဲ့ကြားမှာ ထိုင်လိုက်ကြတဲ့ အခြားဝန်ထမ်းတွေကော Swab test မှာ Negative ပါ။
အင်္ဂလန်ကစလိုက်တဲ့ မြန်နှုန်းမြင့်ကူးစက်တဲ့ ကိုဗစ်မျိုးကွဲဟာ နိုင်ငံတချို့ကို ရောက်ရှိလို့လာနေသလို တချို့နိုင်ငံတွေကတော့ အင်္ဂလန်အပါအဝင် တချို့ဥရောပနိုင်ငံတွေ၊ တောင်အာဖရိကနိုင်ငံတွေက အဝင်တွေကိုပိတ်နေပြီလို့သိရတယ်။
မြန်မာနိုင်ငံကလဲ UK နဲ့မြောက်အိုင်ယာလန်ဘက်က မြန်မာပြည်လာမဲ့သူတွေကို ပိတ်ပင်လိုက်တယ်လို့သိရတယ်.. မြန်နှုန်းမြင့်မျိုးကွဲဗီဇပိုးဟာ စင်္ကာပူ ဟောင်ကောင် ဂျပန် ကိုရီးယား စသဖြင့် UK ကပြန်လာသူတွေကနေတွေ့ရတယ်လို့ဆိုတယ်။
Q ထားတုန်းစစ်ရင်း တွေ့တာပဲဖြစ်မှာပါ။ ကြည့်ရတာအဲ့ဒီပိုးဟာ မြန်နှုန်းမြင့်နဲ့ ကမ္ဘာကြီးကလူသားတွေဆီ အမြန်ပျံ့နှံ့ဖို့ စိုင်းပြင်းနေသလိုခံစားရတယ်။ မဖြစ်မနေ လေယာဉ်စီးပြီးခရီးသွား ရမည့်သူများအတွက် သတိထားစေချင်လို့ပါ။
လေယာဉ်မှူးကြီး ထွန်းထွန်းဝင်