မြန်မာနိုင်ငံရှိ မသန်စွမ်းကလေးငယ် ၄၀ကျော်ကို ခွဲစိတ်ပေးခဲ့တဲ့ အိုဇေးလ်
ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ နာမည်ကျော် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးဖြစ်တဲ့ မီဆွတ် အိုဇေးလ် ကတော့
မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိတဲ့ မသန်စွမ်း ကလေးငယ်တွေကို ခွဲစိတ်မှုတွေ ပြုလုပ်နိုင်အောင် အကူအညီ ပေးခဲ့ကြောင်း သိရှိ ရပါတယ်။
အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဂျာမန် လက်ရွေးစင်ဟောင်း မီဆွတ် အိုဇေးလ်ဟာ ကမ္ဘာ့ လုပ်ခလစာ အမြင့်ဆုံး ဘောလုံးသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်
နှစ်စဉ်နှစ်တိုင်း ကမ္ဘာအနှံ့မှာ ပရဟိတ လုပ်ငန်းများစွာကို လှူဒါန်းလေ့ ရှိသလို လူမှုရေး ၊ နိုင်ငံရေးနဲ့ ကမ္ဘာ့အရေးတွေမှာပါ တက်တက်ကြွကြွ ပါဝင် လှုပ်ရှားတတ်သူလည်း ဖြစ်ပါတယ်။
အိုဇေးလ်ရဲ့ မြန်မာနိုင်ငံ အတွက်ပါ ထည့်ဝင် လှူဒါန်းလေ့ ရှိတဲ့ အလှူကတော့ Big Shoes အဖွဲ့အစည်းနဲ့ ပူးပေါင်းကာ ခွဲစိတ်မှု ပြုလုပ်ရမယ့် ကလေးငယ်တွေကို ခွဲစိတ်ပေးတဲ့ အလှူဖြစ်ပြီး
၂၀၂၀ ခုနှစ် အတွင်းမှာ ဆိုရင် အိုဇေးလ်ဟာ မြန်မာနိုင်ငံ ၊ ဘရာဇီးလ်နိုင်ငံ ၊ တောင်အာဖရိကနိုင်ငံ ၊ ယူဂန်ဒါနိုင်ငံ ၊ ကင်မရွန်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ ရှိတဲ့ မသန်စွမ်း ကလေးငယ် ၁၅၇ ယောက်ကို ခွဲစိတ်ပေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ ကလေးငယ်တွေထဲကမှ အယောက် ၄၀ကျော်ဟာ မြန်မာနိုင်ငံက ဖြစ်ပြီး ကယားပြည်နယ် ၊ လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ ကလေးငယ်တွေကို ခွဲစိတ်မှု ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
Big Shoe အဖွဲ့အစည်းဟာ ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ၊ ခြေခွင် ၊ မီးလောင်ဒဏ်ရာ စတဲ့ ဒဏ်ရာတွေကို ရထားတဲ့ ကလေးငယ်တွေကို ခွဲစိတ်မှုတွေ အခမဲ့ ပြုလုပ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပြီး အိုဇေးလ်ကတော့
အဆိုပါ အဖွဲ့အစည်းရဲ့ ပင်တိုင် အလှူရှင်လည်း ဖြစ်ပါတယ်။ အိုဇေးလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာလည်း မြန်မာနိုင်ငံ လွိုင်ကော်မြို့ အနီးက ကလေးငယ် အယောက် ၄၀ကို အခုလို ခွဲစိတ်မှုတွေ ပြုလုပ်ပေးခဲ့ဖူးပါတယ်။
အိုဇေးလ်ကတော့ အဆိုပါ အလှူနဲ့ ပတ်သတ်ပြီး သူ့ရဲ့ တွစ်တာအကောင့်မှာ ပါဝင် ကူညီပေးကြတဲ့ ဆရာဝန်တွေ ၊ စေတနာ့ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားထားသလို ၂၀၂၁ ခုနှစ်မှာလည်း ပိုမို လှူဒါန်းသွားမှာ ဖြစ်ကြောင်း ဆိုထားပါတယ်။ ကျေးဇူးကမ္ဘာပါ မီဆွတ်ရေ…။