အကျဉ်းသားဖခင်ကို တွေ့ရန် စက်ဘီးဖြင့် ခရီးဆန်ခဲ့ကြသည့် သနားစဖွယ်ကလေး ၂ ဦးရုပ်သံ ပျံ့နှံ့
ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ ဖခင်ဖြစ်သူကို တွေ့နိုင်ဖို့ အသွားအပြန် ကီလိုမီတာ ၁၀၀ ခရီးကို စက်ဘီးနဲ့ ခရီးဆန့်ခဲ့ကြတဲ့ ကလေး ၂ ဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီကလေးငယ် ၂ ဦးဟာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း ဘန်နွတ်ခွန်ဒေသမှဖြစ်ကာ စက်ဘီးကိုယ်စီနဲ့ ဖခင်ရှိရာ အကျဉ်းထောင်ဆီ နင်းပြီး ရောက်အောင်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ တီနယူးစ်သတင်းမှာ ဖော်ပြပါတယ်။
ကီလိုမီတာ ၅၀ အကွာရှိတဲ့ ဆီဆာခက်တ်ဒေသမှ အကျဉ်းထောင်ကို ရောက်ရှိတဲ့အချိန်မှာတော့ နေ့လည် ၁၂း၁၀ နာရီရှိနေပြီး သူတို့ဟာ အိမ်ကနေ မနက် ရး၃၀ နာရီကတည်းက ထွက်လာခဲ့ကြတယ်လို့ ဆိုပါတယ်
ဒါပေမယ့် ဧည့်တွေ့ချိန်မဟုတ်လို့ ကလေးတွေဟာ ဖခင်နဲ့ မဆုံခဲ့ရပါဘူး။ သူတို့ညီအစ်ကိုဟာ အကျဉ်းထောင်လုံခြုံရေး တာဝန်ကျဝန်ထမ်းတဦးဖြစ်တဲ့ အဖီချိုင် မန်ထောင်းနဲ့ စတင်တွေ့ဆုံခဲ့တာပါ။
အဲဒီနောက်တော့ သူတို့ကို အကျဉ်းထောင် တာဝန်ရှိသူတဦးက ခေါ်ယူကာ ဖခင်ဖြစ်သူရဲ့ မှတ်တမ်းစာအုပ်မှ ဓာတ်ပုံကို ကြည့်ရှုခွင့်ပြုခဲ့တာပါ။
ချစ်စရာကောင်းတဲ့ ဒီကလေး ၂ ယောက်နဲ့ စကားမေးမြန်းပြောဆိုချိန်မှာ သူ့အနေနဲ့ မျက်ရည်ဝဲခဲ့ရတယ်လို့ အဖီချိုင် မန်ထောင်းက ပြောပါတယ်။
အဲဒီနေ့ဟာ ကျောင်းပိတ်ရက်လည်း ဖြစ်တာမို့ သူတို့ရဲ့ဖခင်ကို လွမ်းဆွတ်စိတ်၊ ချစ်ခင်စိတ်တွေနဲ့ လာခဲ့ကြတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
သူဟာ ကလေး ၂ ယောက်ကို နေ့လယ်စာစားဖို့ ဘတ် ၁၀၀ စီပေးခဲ့ပြီး အိမ်ကို ပြန်လွှတ်ခဲ့ရတာပါ။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို အဖီချိုင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာဖြစ်ပြီး အင်တာနက် အသုံးပြုသူတွေဟာ ဒီအဖြစ်အပျက်အပေါ် ကရုဏာသက်ခဲ့ကြတာပါ။
အဖီချိုင်က ကလေးတွေရဲ့ ဆွေမျိုးသားချင်းတွေကို ဒီခရီးဟာ ပင်ပန်းတဲ့ခရီးရှည် ဖြစ်တာမို့ နောက်တကြိမ်ဆိုရင် အတူတူလာရောက်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
အင်တာနက်အသုံးပြုသူတွေကတော့ ခုလောက်ရှည်တဲ့ခရီးကို လာခဲ့ရပြီးမှ ဖခင်နဲ့ မတွေ့လိုက်ရတဲ့ ကလေး ၂ ဦးကို သနားကရုဏာ သက်နေကြတာပါ။
ကလေး ၂ ဦးရဲ့ ဖခင်ဖြစ်သူဟာ ဘယ်အမှုကြောင့် အကျဉ်းကျနေသူဖြစ်တယ် ဆိုတာရယ်၊ လွတ်ရက်က ဘယ်နေ့ဖြစ်တယ် ဆိုတာရယ်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။