ပြည်တွင်းသတင်း

မိုးကုတ်မြို့၌ ပေ(၁၅၀၀)ကျော်နက်သည့် ကျောက်မျက်လုပ်ကွက်ဟောင်း ပြိုကျသဖြင့် တွင်းလုပ်သား သုံးဦး ပိတ်မိ

မိုးကုတ်မြို့၌ ပေ(၁၅၀၀)ကျော်နက်သည့် ကျောက်မျက်လုပ်ကွက်ဟောင်း ပြိုကျသဖြင့် တွင်းလုပ်သား သုံးဦး ပိတ်မိ

ထူးခိုင်၊ သြဂုတ်-၁၁

မိုးကုတ်မြို့နယ်၊ လယ်ဦးရပ်ကွက်၊ ဓါတ်တော်လုပ်ကွက်တွင် ပေ(၁၅၀၀)ကျော်နက်သည့် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတစ်ခု ယနေ့ သြဂုတ်(၁၁)ရက် ညနေပိုင်းက တွင်းပြိုမှုဖြစ်ပွားခဲ့ရာ ကျောက်မျက်ရှာဖွေ တူးဖော်နေသူ သုံးဦး ပိတ်မိခဲ့ကြောင်း မြန်မာနိုင်ငံ လူမူကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်)မှ သတင်းရရှိသည်။

မိုးကုတ်မြို့ လယ်ဦးရပ်ကွက်ရှိ ပျားစွဲလူးတွင်းခေါ် ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ဟောင်းတစ်ခု ပြိုကျခဲ့ခြင်းဖြစ်ပြီး ပိတ်မိခဲ့သည့် တွင်းလုပ်သားသုံးဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ည(၈)နာရီကျော်ချိန်မှသာ ကယ်ဆယ်နိုင်ခဲ့သည့် တွင်းလုပ်သားမှာမူ ဒဏ်ရာ ပြင်းထန်ကြောင်း မိုးကုတ်မြို့ လယ်ဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောသည်။

“အခုထိကို ကယ်ဆယ်ရေးတွေ လုပ်နေတုန်ပါပဲ။ စဖြစ်တာကတော့ ၄ နာရီလောက် ဖြစ်မယ်။ ပထမအစော ကယ်ဆယ်ခဲ့တဲ့ သူနှစ်ဦးကတော့ မစိုးရိမ်ရပါဘူး။ နောက်ဆုံး ကယ်တင်နိုင်တဲ့သူကတော့ ၅၀၊ ၅၀ လို့ပြောတယ်၊ စိုးရိမ်ရ တယ်ပေါ့။ သူနဲ့က ည ၈ နာရီလောက်မှ အဆက်အသွယ်ရခဲ့ပါတယ်ဗျ ” ဟု မြန်မာနိုင်ငံ လူမူကယ် ဆယ်ရေးအဖွဲ့ (မိုးကုတ်)မှ သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံ ကိုဟိန်းထက်မောင်က ပြောသည်။

အဆိုပါ တွင်းပြိုကျမှု ဖြစ်ရာနေရာသို့ မြန်မာနိူင်ငံမီးသတ်တပ်ဖွဲ့၊ အရံမီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ မြန်မာနိုင်ငံ လူမူကယ် ဆယ်ရေးအဖွဲ့ (မိုးကုတ်)၊ မြတ်စေတနာအဖွဲ့နှင့် ဒေသခံများ ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ပြီး ည(၉)နာရီခန့်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးစီး ကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့ရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်များ၌ ဒေသခံများက တစ်နိုင်တစ်ပိုင် ကျောက်မျက် ရှာဖွေတူးဖော်မှုများ လုပ်ဆောင်လျက်ရှိပြီး တွင်းပြိုမှုများ၊ မြေပြိုမှုများကြောင့် လူ ထိခိုက် သေဆုံးမှုများ မကြာခန ဖြစ်ပွားလျှက်ရှိသည်။

ကျောက်တွင်းဟောင်းပြိုကာ ပိတ်မိနေသူများကို ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ်

Photo – RESCUE (Mogok)

#မိုးကုတ်

.