၁၀၂ ရက်အကြာတွင် နယူးဇီလန်၌ ရောဂါပြန်လည်ပြန့်ပွားမှုအခြေအနေများမြင်တွေ့ရသဖြင့် အော့ခ်လန်းမြို့ကို Lockdown လုပ်
နယူးဇီလန်နိုင်ငံမှာ COVID-19 ရောဂါကူးစက်မှုမရှိတာ ၁၀၂ ရက်ကြာခဲ့ပြီးမှ ရောဂါပြန်လည်ပြန့်ပွားမှုအခြေအနေတွေမြင်တွေ့လာရတာကြောင့် ဝန်ကြီးချုပ် Jacinda Ardern က အော့ခ်လန်းမြို့ကို Lockdown လုပ်ဖို့ အမိန့်ပေးလိုက်တယ်လို့ သိရပါတယ်။
ရောဂါပြန့်ပွားမှုအခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးတာကြောင့် ဒေသခံတွေကို အတတ်နိုင်ဆုံး အိမ်မှာနေဖို့နဲ့ ရောဂါလက္ခဏာပြရင် အကြောင်းကြားဖို့ တိုက်တွန်းထားပါတယ်။
ဝန်ကြီးချုပ် Jacinda Ardern ကတော့ အော့ခ်လန်းမြို့မှာ မိသားစုတစ်ခုတည်းမှာတင် ရောဂါကူးစက်ခံရသူလေးဦးအထိ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။
Christchurch မြို့က ရွာတစ်ခုမှာလည်း ဒေသခံရှစ်ဦးမှာ ရောဂါလက္ခဏာတွေပြနေတာကြောင့် ရွာကို Lockdown ပြုလုပ်ထားပါတယ်။
ဒေသခံကျန်းမာရေးအာဏာပိုင်တွေက ရောဂါလက္ခဏာပြသူသုံးဦးထက်ကျော်ရင် ခရိုင်ကျန်းမာရေးအဖွဲ့ကို အကြောင်းကြားပြီး သတိပေးချက်တွေထုတ်ပြန်ရလေ့ရှိတယ်လို့ ဆိုခဲ့ကြောင်း သိရပါတယ်။
Asteria (11.8.2020)
Ref: AP,Ladbible