ကျန်းမာရေး ပြည်တွင်းသတင်း

မျက်ရည်လည်သော နေ့တစ်နေ့…

မျက်ရည်လည်သော နေ့တစ်နေ့။ ဒီနေ့ ကျွန်တော် မျက်ရည်ကျရပါသည်။ ကျွန်တော်သာလား ဆိုတော့ မဟုတ်ပါ။ အနီးအနားက လူတွေပါ မျက်ရည်ကျရပါသည်။ ယုတ်စွအဆုံး လာခေါ်သော ကားသမားကြီးပင် မျက်ရည်တွေ ပြည့်လို့။

ကိုဗစ် ကာလကြီးမှာ ဒီတစ်ခါ ကျသော မျက်ရည်ကတော့ ဘာနဲ့မှ မတူ။ အရသာ ရှိသော မျက်ရည်၊ ပီတိ မျက်ရည် ဖြစ်ပါလေသည်။

အဘယ်ကြောင့်ပါနည်း။

ဟိုး လွန်ခဲ့သော (၇၅)ရက်။ အတိအကျ ပြောရရင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၃)ရက်နေ့မှာ သူတို့ ပုသိမ်ဆေးရုံ ICU ကို ရောက်လာခဲ့ကြသည်။

သူတို့ကို လွှဲလိုက်သည့်နေရာက ငါးသိုင်းချောင်း ဆေးရုံ။

သူတို့ဆိုသည်က ဒေါ်သင်းသင်းဌေးနှင့် ဒေါ်သင်းသင်းအေး ဆိုသော အမွှာညီအမ။ နောက် ထပ်ရောက်လာသူက ဒေါ်သင်းသင်းဌေး၏ အမျိုးသား ဦးအောင်တင်စိန်။

သူတို့ ရောက်လာရသည့် အကြောင်းရင်းက ကိုဗစ်ပိုးတွေ့လို့ပါပဲ။

သူတို့အထဲမှာ ဒေါ်သင်းသင်းဌေးက အဆိုးဆုံး။ သွေးတိုးရှိသည်။ ဆီးချိုရှိသည်။ နှလုံးရောဂါရှိသည်။ အောက်စီဂျင်ကျသည်။ မောသည်။ သည်လောက် ရောဂါစုံနေသည့်အထဲ စိတ်ဓါတ်ပါကျနေသည်။

ရောက်ပြီး သိပ်မကြာခင်။ HFNC တင်ရသည်။ စက်ကို ဂိတ်ဆုံးအထိ ဖွင့်တာတောင်မှ အောက်စီဂျင်က မတက်ချင်။

သည်ကြားထဲ ဆီးချိုတက်လျှင် မောလာပြန်သည်။ တစ်ရက် နှလုံးခုန်နှုန်းတွေ ၂၀၀ ကျော်လို့ ပြေးကြလွှားကြ၊ အသက်ကယ်ကြပြန်သည်။

သူ့အခန်းထဲက လူတစ်ယောက်ဆုံးပြီဆို သူက ရင်တွေတုန် အသက်ရှုတွေကြပ်၊ ဆရာ ဆရာမတွေခမျာ ဆုံးခါနီးလူနာက တစ်ဘက်၊ သူက တစ်ဘက်။

သည်လိုနှင့် HFNC စက်ကို (၂)လကျော်လောက် တင်ဖြစ်ခဲ့သည်။

သူ အမောဖောက်တိုင်း သမားတော် ဒေါက်တာခင်သူဇာက စလို့ လက်ထောက်ဆရာဝန်လေးတွေ၊ ဆရာမလေးတွေ၊ အလုပ်သမားတွေ အငြိမ် မနေရ။ ပြေးကြ လွှားကြ။

စိတ်ဓါတ်ကျပြီး တရှုံ့ရှုံ့ ငိုပြန်တော့ PPE တွေ ဝတ် သွားချော့ကြ။

ကြာတော့ လူနာနှင့် ဆရာဝန်ကြား၊ လူနာနှင့် ဆရာမတွေကြား သံယောဇဉ် အမြစ်တွယ်လာခဲ့သည်။

(၁)လကျော် ကြာကြာမှာတော့ HFNC ဂိတ်ဆုံးပေးသည့်ကြားက သူ ပြုံးလာနိုင်ခဲ့သည်။

ဆရာဝန် ဆရာမတွေနှင့် intercom မှာ ဖုန်းခေါ်ရင်း စနိုင် နောက်နိုင်လာပြီ။

သည်တောင်ကို သူကျော်နိုင်မည်ဟု ယုံကြည်စပြုလာပြီ။

ဆရာမလေးတွေကလည်း အားပေးကောင်းသည်။ အကောင်းအတိုင်း ပြန်ဆင်းဖို့ အားတွေပေးကြသည်။

သည်လိုနှင့် ICUထဲမှာ (၇၅)ရက်အကြာ ဒီနေ့မှာ သူတို့ ဆေးရုံဆင်းနိုင်ခဲ့ပါပြီ။

ဆေးရုံဆင်းမည့်အချိန်က မြင်ကွင်းလေးကို ကြည့်ပါဦး။

သမားတော် ဒေါက်တာခင်သူဇာက ညီအမ(၂)ယောက်အတွက် ခြုံပုဝါ(၂)ထည် ဆင်တူ။ ကိုယ်တိုင် ခြုံပေးသည်။ ဆောင်းတွင်းနွေးနွေးလေး နေလိုလျှင် သည်ခြုံပုဝါလေးတွေ ခြုံရင်း သတိရစေဖို့တဲ့။

ဆရာမလေးတွေက အရုပ်လေး လက်ဆောင်ပေးသည်။ ညကျ ကျွန်မတို့ကို သတိရလျှင် ဖက်ထားနော်တဲ့။

ဆရာမလေး သင်းရီမွှေးက သစ်ခွပန်းပင်လေး လက်ဆောင်ပေးလိုက်သည်။ သည်အပင်လေးကို ရှင်အောင်စိုက်။ သည်အပင်ထဲမှာ မေတ္တာတွေရှိသည်လေ။

သူတို့ ထိုင်ကန်တော့ဖို့ လုပ်တော့ ဆရာမလေးတွေက အကန်တော့မခံ။ ပြာပြာသလဲ။ ထူပေးကြသည်။

လမ်းခရီး ကားမူးမှာ စိုးလို့၊ ကားမူးပြေဆေးတွေ တိုက်လိုက်ကြသေးသည်။

သည်လိုနှင့် (၇၅)ရက်ကြာ ICU ထဲမှာ တိုက်ပွဲဝင်ခဲ့သော ဒေါ်သင်းသင်းဌေးတစ်ယောက် ဒီနေ့ သူ့အိမ် သူ့ရွာကို ပြန်နိုင်ခဲ့ပါပြီ။

သူတစ်ယောက်တည်းအတွက် ကုန်ခဲ့သော အောက်စီဂျင်ဖိုးက သိန်းတစ်ရာ နီးပါးရှိခဲ့သည်။ ကျန်တဲ့ ဆေးဖိုးတွေ မပါသေး။

သို့သော် သည်ပမာဏကို ပုသိမ်သူ ပုသိမ်သားတို့က စေတနာအပြည့်ဖြင့် လှူဒါန်းပေးခဲ့သဖြင့် တစ်ရက်လေးမှ အောက်စီဂျင်အတွက် စိတ်မပူခဲ့ရ။ အလှူရှင်များကို ကျေးဇူးအထူးတင်ရပါသည်။

ကားလေး ဘီး တစ်လိမ့်လိမ့်ထွက်တော့ အားလုံး လက်ပြကျန်ရစ်ခဲ့ကြသည်။

မျက်ဝန်းမှာ မျက်ရည်တွေစိုလို့။

သည်တစ်ခါကျသော မျက်ရည်သည် ဝမ်းနည်း၍ ကျသော မျက်ရည်မဟုတ်၊ ဝမ်းသာမျက်ရည်၊ ပီတိမျက်ရည် ဆိုတာ ပြောစရာ လိုမည် မထင်ပါလေ။

(ဤစာစုလေးဖြင့် သမားတော် ဒေါက်တာခင်သူဇာဦးဆောင်သော ဆရာဝန်များ၊ sister ဒေါ်ခင်ခင်မြင့် ဦးဆောင်သော ဆရာမများနှင့် အလုပ်သမားများ၊ ဒေါက်တာအိအိမွန် ဦးဆောင်သော ရောဂါရှာဖွေရေးနှင့် ဓါတ်ခွဲဝန်ထမ်းများ၊ ပုသိမ် Covid Team တစ်ခုလုံးကို ဂုဏ်ပြုပါသည်။)

Fighting Our PGH Team!!!

Than_Min_Htut