ကျန်းမာရေး နိုင္ငံတကာသတင္း

အိန္ဒိယရှိ ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးစက်ရုံတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွား

အိန္ဒိယရှိ ကမ္ဘာ့အကြီးဆုံး ကိုဗစ်ကာကွယ်ဆေးစက်ရုံတွင် မီးအကြီးအကျယ်လောင်ကျွမ်းမှု ဖြစ်ပွား

အိန္ဒိယအနောက်ပိုင်းမြို့တော်ဖြစ်တဲ့ ပူနေးမြို့မှာရှိတဲ့ Serum Institute of India (SII) မှာ ဒီနေ့က မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။

အဆိုပါ ဧရိယာအတွင်းမှာတော့ အက်စတြာဇနီကာ နဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့ ပူးတွဲထုတ်လုပ်နေတဲ့ Covishied ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီပြီးတော့ ထုတ်လုပ်နေတဲ့နေရာ ပါဝင်တယ်လို့လည်း သိရပါတယ်။

SII ရဲ့ ဆောက်လုပ်ဆဲအဆောက်အဦတစ်ခုရဲ့ ဒုတိယအထပ်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ယာဉ် ၁၂ စီး အလျင်အမြန်လာရောက်ကာ ငြိမ်းသတ်ပေးခဲ့ရပါတယ်။ မီးလောင်မှုဖြစ်ချိန် အဆောက်အဦအတွင်းမှာ လူငါးဦးရှိနေခဲ့ပြီး လေးဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရကာ ကိုဗစ်ကာကွယ်ဆေးတွေထုတ်လုပ်ရာ နေရာကတော့ မီးလောင်ကျွမ်းမှုမှာ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ကာကွယ်ဆေးထုတ်လုပ်နေမှုကို ထိခိုက်မှုရှိတယ်လို့ မထင်ရပေမယ့် ကုမ္ပဏီဘက်ကတော့ တစ်စုံတစ်ရာမှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြောင်းလည်း သိရလို့ ဒွိဟဖြစ်စရာအခြေအနေမှာရှိနေပါတယ်။

ဒါပေမယ့်လည်း Financial Express သတင်းဌာနကတော့ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ရာ လုပ်ငန်းခွင်ဟာ လုံခြုံစိတ်ချရတဲ့အနေအထားမှာ ရှိနေခဲ့တယ်လို့ ဖော်ပြခဲ့လို့ တာဝန်ရှိသူတွေအတွက် စိတ်သက်သာရာရစေခဲ့ပါတယ်။

SII ဟာ ဝင်ငွေအလယ်အလတ်နဲ့ နည်းပါးမှုရှိတဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေးထုတ်လုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မီးလောင်မှုမှာ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ နေရာသာ ပါဝင်ခဲ့မယ်ဆိုရင်တော့ တော်တော်လေး ထိခိုက်နစ်နာမှုတွေရှိလာမှာလည်း ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီဟာ အမေရိကန် Novavax Inc က ထုတ်လုပ်တဲ့ကာကွယ်ဆေးတွေကို အိန္ဒိယမှာ ပြန်လည်ပြီး မွမ်းမံကာထုတ်လုပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပူနေး မီးသတ်ရုံးက မီးသတ်အင်ဂျင်ငါးလုံးအထိ ပို့ဆောင်ပေးထားတယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရရှိမှုနဲ့ မီးလောင်ရခြင်း အကြောင်းရင်းကို မသိရသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဟာ သူတို့နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးတွေကို ဘူတန်၊ မော်လ်ဒိုက်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါတို့ကိုလည်း ပေးပို့သွားဖို့အတွက် သဘောတူညီထားပြီး မကြာခင်ရက်ပိုင်းအတွင်း ပို့ဆောင်ပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။