ရွှေဘိုဈေးကြီးမီးလောင်တဲ့လက်သည်နဲ့
ပတ်သက်ပြီး ဒေါက်တာနေစိုးမောင်ရေးသားချက်
စစ်ကောင်စီတပ်စစ်သားတွေက ဈေးထဲက စားနပ်ရိက္ခာတွေကို ဝင်ယူပြီးတဲ့နောက် ရွှေဘိုဈေးကြီးမီးလောင်တာဖြစ်ပွားခဲ့ကြောင်း အရင်စစ်အစိုးရခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေရဲ့ သားမက်ဖြစ်တဲ့ ဒေါက်တာနေစိုးမောင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။
ဒေါက်တာနေစိုးမောင်က ရွှေဘိုဈေးကြီးမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ရွှေဘိုက ရဟန်းသံဃာတော်တစ်ပါးရဲ့ ပြန်ပြောပြချက်ကို ကိုးကား ရေးသားထားတာဖြစ်ပြီး ရှို့မီးရဲ့လက်သည်ဟာ စစ်သားတွေဖြစ်တယ်ဆိုတဲ့ ဆက်စပ်မှုကို လူသိများတဲ့သူတစ်ယောက်အနေနဲ့ ပထမဆုံးပြောဆိုမှုလည်းဖြစ်ပါတယ်။
သံဃာတော်တစ်ပါးကို ဆွမ်းဆက်ကပ်နေသည့်ဓါတ်ပုံများနှင့်အတူ ” ဆရာတော်မှာ ရွှေဘိုဇာတိဖြစ်ပြီး ရွှေဘိုဈေးကြီး မီး လောင်မှု ဖြစ်စဉ်ကိုလည်း မချိတင်ကဲ ပြောပြခဲ့ပါတယ်…” ဟု အစချီထားပြီး ” ရွှေဘိုဈေးကြီးအတွင်း စစ်သားများက ညအချိန် ရိက္ခာ များ ဝင်ရောက်ယူငင်ပြီးနောက် ဈေးကြီးမှာ မီးလောင်ခံခဲ့ ရပြီး မီးသတ်များလည်း မဝင်နိုင်အောင်တားဆီးခဲ့သဖြင့် ဈေး၏ အစိတ်အပိုင်း အတော်များများပြာကျခဲ့ရတယ် လို့ပြောပြပါတယ်” လို့ ဒေါက်တာနေစိုးမောင်က ရေးသားထားပါတယ်။
ရွှေဘိုဈေးကြီးဟာ မေလ ၁၅ ရက် မနက် ၂ နာရီခန့်မှာ မီးလောင်ခဲ့ပြီး ဆိုင်ခန်းလေးပုံ သုံးပုံ ပျက်ဆီးပြာကျခဲ့ပါတယ်။ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်လို့ မပူးပေါင်းမဆောင်ရွက်ရေး (CDM) ပြုလုပ်သူတွေကို ကူညီနေတဲ့ ဒီဈေးကြီးဟာ စစ်ကောင်စီရဲ့ မာရှယ်လောထုတ်ထားချိန်မှာ လောင်ကျွမ်းတာဖြစ်ပြီး စစ်သားတွေက မီးတင်ရှို့ခဲ့တာလို့ ဒေသခံတွေထဲ ကျယ်ကျယ်ပြန့်ပြန့်ယုံကြပေမဲ့ စုံစမ်းစစ်ဆေးနိုင်တာမရှိသေးပါဘူး။
မဇ္ဈိမက မေးမြန်းခွင့်ရတဲ့ မီးလောင်ကျွမ်းလို့ဆိုင်ခန်းဆုံးရှုံးခံရတဲ့ ဈေးသည်တစ်ဦးက ပြောကြားတာမှာလည်း ဈေးပတ်ပတ်လည်မှာ ကျယ်ဝန်းတဲ့လမ်းမကြီးတွေရှိပေမယ့် လုံခြုံရေးအရဆိုတဲ့ စစ်သားတွေကြောင့် မီးမကူးသေးတဲ့ဆိုင်ခန်းတွေထဲကပစ္စည်းတွေ သယ်ခွင့်မရခဲ့ဘူးလို့ဆိုပါတယ်။
CDM လုပ်တဲ့ဝန်ထမ်းတွေကို ဈေးလျော့ရောင်းတယ်လို့ စာတွေကပ်ထားတဲ့ ဈေးဆိုင်တွေအများစုရှိခဲ့တဲ့ ရွှေဘိုဈေးကြီး မီးလောင်တာ မသမာသူတွေရဲ့ ရှို့မီးဖြစ်တယ်လို့ ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနကလည်း မေလ ၁၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ မီးလောင်လို့ ဆုံးရှုံးသွားရတဲ့တန်ဖိုးဟာ ကျပ်သိန်းပေါင်း ၁၅၄၈၇ (ကျပ်သိန်းပေါင်း တစ်သောင်း ငါးထောင်လေးရာရှစ်ဆယ်ခုနှစ်) ခန့်ရှိတယ်လို့ မီးသတ်ဌာနက ဆိုပါတယ်။
ဒေသတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ပြုမူပုံကို ဒေါက်တာနေစိုးမောင်က ဆက်လက်ရေးသားထားတာမှာ ” ဆရာတော်သီတင်းသုံးခဲ့ဘူးသည့် ရွာများသို့လည်း စစ် ကားများ ရောက်ရှိလာကာ ခြောက်လှန့်ပစ်ခတ်ပြီး ပြည်သူ များထွက်ပြေးချိန်တွင် အိမ်တွင်ကျန်ခဲ့သည့် ရွှေတိုရွှေစများ ပစ္စည်းများ ရိက္ခာနဲ့ မွေးထားတဲ့ ကြက် ဝက် မကျန် သိမ်းယူသွားကြောင်း ပြောပါတယ်” လို့လည်းပါပါတယ်။
Credit Mizzima