နိုင္ငံတကာသတင္း

အထွေထွေညီလာခံမှာ မြန်မာ့အရေး ဗီတိုအာဏာသုံးခွင့်မရှိတဲ့ မဲခွဲမယ့်ကိစ္စ ရွှေ့ဆိုင်း (အပြည့်စုံဖတ်ရန်ပုံကိုနှိပ်ပါ)

ကုလ အထွေထွေညီလာခံမှာ မြန်မာ့အရေးမဲခွဲမယ့်ကိစ္စ ရွှေ့ဆိုင်း

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဆုံးဖြတ်ချက် မူကြမ်းချမှတ်ရေးအတွက် အင်္ဂါနေ့မှာ မဲခွဲဆုံးဖြတ်မယ့် အစီစဉ်ကို ကုလသမဂ္ဂက ရွှေ့ဆိုင်းလိုက်ပါတယ်။

တနင်္လာနေ့ကတော့ ကုလအထွေထွေညီလာခံ အလှည့်ကျ သဘာပတိရဲ့ ပြောခွင့်ရ Brenden Varma က သတင်းထောက်တွေကို ခုလို ပြောကြားခဲ့တာပါ။

မနက်ဖြန် နေ့လည် ၃ နာရီမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ ( တကယ်တမ်းလိုက်နာဖို့ မလိုအပ်တဲ့) ဆုံးဖြတ် ချက် မှုကြမ်းကို ချပြဖို့ ရှိကြောင်း ပြောသွားတာပါ။

ဒီမူကြမ်းကို ဥရောပက နိုင်ငံငယ်လေးတခုဖြစ်တဲ့ Liechtenstein က ဦးဆောင် တင်သွင်းတာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက် မူကြမ်းအတွက် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက မဲခွဲကြမှာ ဖြစ်ပြီး ဒီအထဲမှာ တရုတ်နဲ့ အာဆီယံ နိုင်ငံတွေပါ ပါဝင်နေတာကြောင့် အတည် ပြုနိုင်၊ မနိုင် မသေချာသေးပါဘူး။

ဒီဆုံးဖြတ်ချက်မူကြမ်းထဲမှာ မြန်မာနိုင်ငံကို လက်နက်ခဲယမ်း မီးကျောက်မျိုးစုံရောင်းချတာ ဒါမှမဟုတ် လွှဲပြောင်းတာမျိုးကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီး ဖြစ်စေ မပြုလုပ်ဖို့ ချက်ချင်း ဆိုင်းငံ့ထားရမှာ ဖြစ် ကြောင်း တောင်းဆိုတာ ပါဝင်ပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာ သိမ်းခဲ့ချိန် ကစပြီး ထုတ်ပြန်ထားတဲ့ နိုင်ငံတော် အရေးပေါ် အခြေနေကြေညာမှုကို အဆုံးသတ်ဖို့၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေ အပေါ် အကြမ်းဖက်မှုအားလုံး ရပ်ပစ်ဖို့ အပြင်

မြန်မာပြည်သူတွေက သူတို့ရဲ့ ဆန္ဒကို ထုတ်ဖေါ်ပြသခဲ့တဲ့ နိုဝင်ဘာရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ပါ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်တွေဟာ လိုက်နာစရာ မလိုပေမယ့် အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့

ကုလသမဂ္ဂလုံခြုံရေး ကောင်စီလို မဟုတ်ပဲ ဗီတို အာဏာ သုံးခွင့်မရှိတဲ့ ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာ့နိုင်ငံတွေကြား နိုင်ငံရေးသြဇာ အရ သိပ်ကို ကြီးမားတာ ဖြစ်ပါတယ်။ အခု မဲခွဲမယ့် ဆုံးဖြတ်ချက်ထဲမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားအဖမ်းခံနေရသူ အားလုံးကို ပြန်လွှတ်ပေးဖို့ပါ တောင်းဆိုထားတဲ့ အပြင် ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး Christine Schraner Burgener ကို

မြန်မာနိုင်ငံတွင်း လာရောက်ခွင့်ပေးဖို့နဲ့ အာဆီယံ ၁၀ နိုင်ငံကြား ရထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောတူညီချက် ၅ ရပ်ကို အကောင်ထည်ဖေါ်ဖို့ပါ ပါဝင်ပါတယ်။ source ; VOA