News

၁၀၀၈ တပ်ရင်းက CDM ရဲဘော် ချစ်ကောင်းကျဆုံး

ရှမ်းတောင် ၁၀၀၈ တပ်ရင်းက CDM ရဲဘော် ချစ်ကောင်းကျဆုံး

BVJ၊ မေ ၁၅၊ ၂၀၂၂

ရှမ်းပြည်တောင်ပိုင်း (၁၀၀၈)တပ်ရင်းက စခန်းမှူး CDM ရဲဘော်ချစ်ကောင်းဟာ ဒီနေ့(မေ ၁၅) မနက် ၈ နာရီကနေ စတင်ဖြစ်ပွဦးခဲ့တဲ့

ညောင်ရွှေမြို့နယ် ထီရီး ၊ ဆောင်နန်းခဲဖက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကိုခုခံရင်း ကျဆုံးသွားတယ်လို့ ၁၀၀၈ တပ်ရင်းက ထုတ်ပြန်ပါတယ်။

“သတင်းကောင်းတွေရှိပေမယ့် သတင်းဆိုးကိုအရင်ထုတ်ပြန်ပါရစေ။

ကျွန်တော်တို့ရဲ့ ရဲဘော်ချစ်ကောင်း (CDMer) ကျွန်တော်တို့(၁၀၀၈)တပ်ရင်းရဲ့စခန်းမှူးသည် အကြမ်းဖက်စစ်ကောင်စီကို ခုခံရင်းကျဆုံးသွား ပါသောကြောင့် မိသားစုနဲ့ထပ်တူ ဝမ်းနည်းခြင်းများစွာဖြင့်ထုတ်ပြန် လိုက်ရပါတယ်။

ကျဆုံးသွားသော ရဲဘော်ချစ်ကောင်းအား မိမိတို့ (၁၀၀၈) တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြုအပ်ပါ သည်” လို့ တပ်ရင်းက ထုတ်ပြန်တာပါ။

၁၀၀၈ တပ်ရင်းဘက်ကို စစ်ကောင်စီတပ်တွေက လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ဆက်တိုက်ထိုးစစ်ဆင်နေတယ်လို့ (၁၀၀၈)တပ်ရင်းရဲ့ ညနေ ၄ နာရီဝန်းကျင် ထုတ်ပြန်ချက်များအရ သိရပါတယ်။

မနေ့က ရှမ်းတောင်အခြေစိုက် တော်လှန်ရေးအင်အားစု ငါးဖွဲ့ပူးပေါင်းထားတဲ့ ရှမ်းတောင် တော်လှန်ရေးလူငယ်များအဖွဲ့(SSRY) တပ်ရင်းကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊

ကာကွယ်ရေး ဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ (၃)၊ ၁၀၀၈ တပ်ရင်းအဖြစ် တရားဝင် တာဝန်ထမ်း ဆောင်ခွင့်ပေးအပ်ခဲ့ကြောင်းကိုလည်း ကြေညာခဲ့ပါတယ်။