မြန်မာပြည်သူတွေဘက်က အမြဲတမ်းရပ်တည်ပေးနေတဲ့ မော်ရင်ဟို
ရိုးမားအသင်းနည်းပြမော်ရင်ဟိုဟာ မကြာသေးခင်က UEFA EuropaConference League ဖလားကိုရယူပေးခဲ့ပြီး ဒါဟာ ရိုးမားအသင်းအတွက်နှစ်ပေါင်း(၆၀)ကျော်အတွင်း ပထမဆုံးရရှိခဲ့တဲ့ ဥရောပဆုဖလားဖြစ်သလိုမော်ရင်ဟိုရဲ့နည်းပြဘဝတစ်လျှောက် ဥရောပပြိုင်ပွဲတွေမှာ(၅)ကြိမ်မြောက်ရရှိခဲ့တဲ့ဆုဖလားဖြစ်ခဲ့ပါတယ်။
နည်းပြဘဝအစပိုင်းမှာ စကားလုံးတွေကြွယ်ခဲ့ပေမယ့်အခုနောက်ပိုင်း အသက်အရွယ်ရလာချိန်မှာ တည်ငြိမ်ရင့်ကျက်မှုရှိလာတာကိုအထင်အရှားတွေ့ရမှာဖြစ်ပြီး ဗိုလ်လုပွဲမတိုင်ခင်ကလည်း သူဟာ ‘Special One’မဟုတ်တော့သလို တစ်ဦးချင်းအောင်မြင်မှုထက် အသင်းအောင်မြင်မှုရရေးကိုသာအလေးထားဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။
ဒါ့အပြင် မော်ရင်ဟိုဟာမြန်မာနိုင်ငံနဲ့ပတ်သက်လာရင် အမြဲတမ်းလိုလိုအားပေးစကားပြောလေ့ရှိပြီးမြန်မာနိုင်ငံက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ်ဆောင်ရွက်ချိန်၊ ၂၀၁၈ သြဂုတ်လတုန်းကမော်ရင်ဟိုဟာ မြန်မာပြည်သူတွေအတွက် အားပေးစကားဆိုခဲ့ဖူးပါတယ်။
စပါးအသင်းကို(၃-ဝ)ဂိုးရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး သတင်းထောက်တွေက ယူနိုက်တက်အသင်းခက်ခဲတဲ့အချိန်ဖြစ်နေပြီလားလို့ မေးမြန်းခဲ့ချိန်မှာ မော်ရင်ဟိုက “ကျွန်တော်ကတော့ခက်ခဲတဲ့အချိန်ရောက်နေပြီလို့ မထင်ပါဘူး။ တကယ်လို့ ခင်ဗျားတို့(မီဒီယာသမားတွေကဆိုလို)သာသတင်းတွေဖတ်မိမယ်၊ မြန်မာနိုင်ငံရဲ့အခြေအနေကို သတိထားမိမယ်ဆိုရင်ခက်ခဲတဲ့အချိန်နဲ့ရင်ဆိုင်နေရတာမြန်မာနိုင်ငံဖြစ်ပါတယ်။ ဘောလုံးပွဲရှုံးတာလောက်ကခက်ခဲတဲ့အချိန်မဟုတ်ပါဘူး”လို့ပြောခဲ့ပါတယ်။
အဲဒီအချိန်က မြန်မာနိုင်ငံဟာရခိုင်ပြည်နယ်အရေးကိစ္စကြောင့် နိုင်ငံတကာကဖိအားပေးတာနဲ့ရင်ဆိုင်နေရတဲ့အတွက်မော်ရင်ဟိုက အဲဒီလိုအားပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စပါးအသင်းနည်းပြအဖြစ်ဆောင်ရွက်ခဲ့ချိန်ကလည်း မော်ရင်ဟိုက “မြန်မာနိုင်ငံမှ ဘောလုံး ပရိသတ်တို့၊ပထမဆုံး ခင်ဗျားတို့ရဲ့ နိုင်ငံမှာ ဘေးကင်းကြပါစေလို့ ကျနော် ဆန္ဒပြုချင်ပါတယ်။
အရင်တုန်းကလည်း အင်တာဗျူးတခုမှာ မြန်မာနိုင်ငံအကြောင်း ကျနော်ထည့်ပြောခဲ့ဖူးပါတယ်။ ဒါကြောင့် ကျနော် ခင်ဗျားတို့ နိုင်ငံအကြောင်းကောင်းကောင်းသိတယ်ဆိုတာ သဘောပေါက်နိုင်မှာပါ။ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာတဝန်းက လူတိုင်း အထူးသဖြင့် ကျနော့် ကစားသမားတွေတောင်သတိထားမိကြတယ်ဆိုတာ မြန်မာပြည်သူတွေကို သိစေချင်ပါတယ်”ဆိုပြီးမြန်မာနိုင်ငံက ပြည်သူတွေဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။
သူစပါးမှာနည်းပြအဖြစ် ရှိခဲ့တဲ့ ၂၀၂၁ တုန်းကလည်း မြန်မာနိုင်ငံက ပရိသတ်တစ်ယောက်ဆီကိုမော်ရင်ဟိုက အခုလို စာပြန်ခဲ့ဖူးပါသေးတယ်။
” ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဘေးအန္တရာယ်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်။အရင်တုန်းကလည်း မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ပြောရရင် မြန်မာနိုင်ငံအကြောင်း ကျွန်တော် ကောင်းကောင်းသိတယ်ဆိုတာပါ။
မြန်မာနိုင်ငံမှာဖြစ်ပျက်နေတာတွေကို တစ်ကမ္ဘာလုံးက သိနားလည်ပြီးကျွန်တော့်ကစားသမားတွေတောင် သိပါတယ်။မြန်မာပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာနေစေဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။
နိုင်ငံရေးနဲ့ပတ်သက်လို့ ကျွန်တော် မပြောချင်ပေမယ့် ကျွန်တော်တောင်ပေါ်တိုနဲ့အတူ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့သေးတာပဲ၊ ခင်ဗျားတို့လည်း လုပ်နိုင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက် မေတ္တာထားတဲ့ မော်ရင်ဟိုကို မြန်မာဘောလုံးပရိသတ်တွေကလည်း အခုအချိန်အထိ အားပေးနေကြဆဲဖြစ်ပြီး Europa Conference League အောင်မြင်မှုရရှိခဲ့သလို လာမယ့်နှစ်တွေမှာလည်း
အခုထက် ပိုကြီးကျယ်ခမ်းနားတဲ့ဆုဖလားအောင်မြင်မှုရယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် . . .
crd