Weather

ငလျင်ကြီးလှုပ်ရင် ဆူနာမီလှိုင်းလုံးများ မြန်မာ့ကမ်းရိုးတန်းသို့ ရောက်ရှိလာမယ့် အချိန်ပမာဏ

ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ၊ ဘာတွေကြိုတင်ပြင်ဆင်ရမလဲ၊ ဘယ်လိုပြင်ဆင်ကြရမှာလဲ။

“သဘာဝတရားကြီးဟာ ယဉ်ပါးလာမှာ မဟုတ်ပါဘူး” တူရကီမှာ အားပြင်းငလျင်ကြီးများ ဆက်တိုက်လှုပ်ခတ်မှုမှတ်တမ်း ဗီဒီယိုများ မြင်တွေ့ရပြီးနောက်ပိုင်း အဖြေနည်းလှပါသည့်မေးခွန်းများပေါင်းများစွာ အလိုလိုပေါ်လာခဲ့သည်။ စိတ်မချမ်းမြေ့စရာ မြင်ကွင်းများစွာ၊ မြေငလျင်အန္တရာယ်ကို ကြိုတင်ကာကွယ်ဖို့ငှာ ငလျင်အန္တရာယ်ကို အရင်စဉ်းစားကြည့်မိသည်။

ပထမအနေနှင့် ကျွန်တော်တို့ မြန်မာနိုင်ငံဟာအင်မတန်ကံကောင်းသည်ဟု ဆိုရပါလိမ့်မည်။ အကြောင်းမှာ ယခုလှုပ်ရှားသွားသည့်ငလျင်ကြီးက တူရကီနိုင်ငံ (alpide) ပြတ်ရွေကြီး၏ အဆုံးသတ်ပိုင်း‌ဒေသပြတ်ရွေ့မှာရှိနေပြီး အင်အားပြင်းငလျင်ကြီးများဟာ ယုခုတစ်ကြိမ်မှာ အရှေ့ပိုင်းပြတ်ရွေ့က နိုင်ငံများကိုရှောင်ကွင်းကာ အနောက်ပိုင်းပြတ်ရွေ့ (ယခုတူရကီနိုင်ငံ) နေရာဒေသများကို ဗဟိုပြုလှုပ်ရှားခြင်းကြောင့် တစ်ခြားသောပြတ်ရွေ့ဒေသများဟာ ငလျင်ကြီးအန္တရယ်မှ လတ်တလောအချိန်မှာ လွတ်ကင်းသွားခဲ့ကြပါသည်။ ၎င်းကို ဗဟုသုတအနေနှင့် မိဘပြည်သူ/သားတိုင်း အထူးသိထားသင့်ပါသည်။

ဒုတိယအချက်မှာ အဆိုပါ alpide ပြတ်ရွေ့ကြီးရဲ့ ရှေ့ဘက်ပိုင်း ပြတ်ရွေ့ကုန်းတိုင်းပိုင်း အဆုံးသတ်ဒေသကို မြေပုံပေါ်တွင် ရှာဖွေကြည့်ပါက မြန်မာနိုင်ငံကို မြောက်ဖျားစွန်းပိုင်းက စတင်ပြီး အလယ်တည့်တည့်မှ ဖြောင့်ဖြောင့်ကြီး ဖြတ်သန်းသွားသည့် စစ်ကိုင်း ပြတ်ရွေ့ဆိုသည့် မြန်မာ့ငလျင်ဇုန်ကို တွေ့ရမည်ဖြစ်ပြီး ၎င်းသည် တောင်ပိုင်းစွန်း ရန်ကုန်တိုင်းဒေသကြီးအလွန် မုတ္တမကွေ့မှ တဆင့် အက်ဒမန်ပင်လယ်ထဲကို တိုးလျှိုးဝင်ကာ အင်ဒိုနီးရှားနိုင်ငံ ပါပူအာနယူးဂီနီးကျွန်းမှာ အဆုံးသတ်ထားပြီး ပင်လယ်ကြမ်းပြင်အောက် ပြတ်ရွေ့အဖြစ် ကိုယ်ယောင်ဖျောက်နေသည်ကိုလည်း နောက်ထပ် သတိပြုစေချင်ပါသည်။

ဆိုတော့ မြန်မာနိုင်ငံအနေနှင့် အဓိကသတိထားရမည့်အချက်ဟာ တူရကီနိုင်ငံကဲ့သို့ ကုန်းတွင်းပိုင်းအားပြင်းငလျင်များသာလျင်မဟုတ်ပဲ တောင်ဘက်ပိုင်းကမ်းလွန် အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်က ကို‌‌ယ်ယောင်ဖျောက်ပြတ်ရွေ့မှ ဖြစ်ပွားလာနိုင်သည့် မီဂါ ဆူနာမီရေလှိုင်းကြီးဖြစ်‌ပေါ်နိုင်ခြေ (ဖြစ်နိုင်ခြေ) ဖြစ်ပါသည်။ လုံးဝ မေ့မထားသင့်ပါ။

ယင်း မြန်မာနိုင်ငံတောင်ဘက်ပိုင်း အက်ဒမန်ပင်လယ်ပြင်ဟာ ပထဝီအနေအထားအရ ဆူနာမီရေလှိုင်းဖြစ်ပေါ်လာရန် ပြီးပြည့်စုံကာလုံလောက်သည့် ရေပြင်တည်နေရာ အကျယ်အဝန်း စုံလင်စွာရှိနေပါသည်။

အကယ်၍များ အိန္ဒိယ သမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ကြမ်းပြင်‌အောက်ပြတ်‌ရွေ့များမှာ ဆူနာမီဖြစ်ပေါ်လာစေရန်လုံလောက်သည့် ပြင်းအားပမာဏ မဂ္ဂနီကျု ၈.၀ နှင့်အထက်ရှိသော ငလျင်ကြီးလှုပ်ရှားလာခဲ့ပါက ကြီးမားပြင်းထန်ဘည့်ဆူနာမီရေလှိုင်းဖြစ်ပေါ်နိုင်ပြီး ယင်းဆူနာမီ‌ရေလှိုင်းများ၏ ၆၀% သော အဖျက်စွမ်းအင်များဟာ မြန်မာနိုင်ငံတောင်ဘက်မြန်မာ့ကမ်းရိုးတန်းဖြစ်သည့် ဧရာဝတီးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်း‌ဒေသကြီး၊ နိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဒေသများဆီသို့ တစ်နာရီမိုင် ၅၀၀ နှုန်းဖြင့် ဦးတည်လာမည်ဖြစ်ပြီး ဆူနာမီလှိုင်းများမြန်မာ့ကမ်းရိုးတန်းသို့ရောက်ရှိရန် အချိန် ၄၅ မိနစ်ခန့်သာ ကြာပါလိမ့်မည်။

တနည်းဆိုရလျင် မြန်မာ့ကမ်းရိုးတန်းဒေသမှာ မှီတင်းနေထိုင်ကြသူများအနေနှင့် ကုန်းမြင့်ပိုင်းဒေသများ၊ ကမ်းရိုးတန်းနှင့်ဝေးကွာသည့် ကုန်းတွင်းပိုင်းဆီသို့ evacuated ရှောင်ပြေးချိန်ဟာ အချိန် ၃၀ မိနစ်မှ ၄၅ မိနစ်အတွင်းသာ ရရှိကြမှာဖြစ်သည်။

မိနစ်ပိုင်းအတွင်း ဘာတွေပြင်ဆင်နိုင်ကြမလဲ၊ စစ်ကိုင်းပြတ်ရွေ့ဟာ ခေတ်အဆက်ဆက်သမိုင်းကြောင်းမှတ်တမ်းများအရ ပြင်းအားပမာဏ မဂ္ဂနီကျု ၇.၀ နှင့်အထက် အင်အားပြင်းမြေငလျင်ကြီးများ active ဖြစ်‌လျက်နေသည့်ဒေသအဖြစ် ကမ္ဘာကသိရှိထားကြပြီး အင်အားပြင်းငလျင်ကြီးများဖြစ်ပေါ်စေရန်လည်း လိုအပ်သည့် ကုန်းမြေထုချက်၊ မြေနေရာအကျယ်အဝန်းလည်း ပြီးပြည်စုံစွာရှိ‌နေပါသည်။ မပေါ့ဆသင့်။

မြန်မာနိုင်ငံအထက်ပိုင်းက ပြတ်ရွေ့ဒေသဟာ အောက်ပိုင်းပြတ်‌ရွေ့ထက် ပိုမိုလှုပ်ရှားအသက်ဝင်နေသော်လည်း အားအသင့်အတင့်မှ ငလျင်ငယ်များသာ အများအားဖြင့်လှုပ်ရှားလေ့ရှိသည်ကို ငလျင်မှတ်တမ်းများအရသိရပြီး ယင်း အထက်ပိုင်းဒေသဟာ တောင်ကုန်းတောင်တန်းများထူထပ်ပြီး လူနေထိုင်မှုနည်းပါးမှုများကြောင့် ငလျင်ကြောင့်ဖြစ်လာနိုင်သည့် လူ့အသက်၊ အိုးအိမ်စည်းစိမ်ဆုံးရှုံးမှုပျားဟာ လျော့နည်းကျင်ဆင်းတတ်ပါသည်။

အထူးအနေနှင့် မြန်မာနိုင်ငံအောက်ပိုင်းပြတ်ရွေ့ကို အနည်းငယ်ဖော်ပြလိုပါသည်။ မြန်မာနိုင်ငံက အဓိကလူနေထူထပ်သည့်မြို့ကြီး ၇ မြို့တွင် ၄ မြို့ဟာ အောက်ပိုင်းပြတ်ရွေ့ကြောပေါ်ရောက်ရှိနေပြီးဖြစ်သည်ကို သိရှိထားကြပြီးဖြစ်ကာ ရန်ကုန်၊ ပဲခူး၊ ပြည်၊ မိတ္ထီလာ၊ ကျောက်ဆည်၊ နေပြည်တော် စသည့် မြို့ကြီးမြို့ငယ်များ အားလုံး alpide ပြတ်ရွေ့အဆုံးသတ်ပိုင်းမြေထုချပ်ပေါ် မှာ ခန့်ညားထည်ဝါစွာရှိနေကြပြီး အကယ်၍ အောက်ပိုင်းပြတ်ရွေ့တစ်နေရာရာမှာ အားပြင်းငလျင်လှုပ်ရှားခဲ့ပါက ပေးဆပ်မှုများပြားပါလိမ့်မည်။

ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးများဟာ လူနေထူထပ်များပြားလှပြီး ကြံ့ခိုင်မှုအရည်အသွေးကျဆင်းလာသည့် အခြေခံအဆောက်အဦးများစွာ ရှိနေမှုများကြောင့် အလေးအနက်ထားပြီးနေထိုင်သင့်ပါသည်။

မြေငလျင်သတင်းအမြဲနားစွင့်ကာ မိမိတို့ကိုယ်ပိုင်အသိပညာဖြင့် စဉ်းစားဆုံဖြတ်ကာ ငလျင်ကာကွယ်ခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များကို လက်လှမ်းမှီသလောက် ကြေညက်စွာလေ့လာမှတ်သား နားလည်သဘောပေါက်အောင် ကြိုတင်ကာလေ့လာဆည်းပူးကြဖို့ အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်။ တူရကီငလျင်မှ သင်ခန်းစာယူနိုင်ကြပါစေ။ ကိုယ်ချင်းစာနိုင်ကြပါစေ။ ကြိုတင်ပြင်ဆင်နိုင်ကြပါ‌စေ။ မြေငလျင်သတင်းများစင်တာ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)