ပြည်တွင်းသတင်း

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများထွက်ရာ ဒေသလို့ နာမည်ကျော်ကြားပေမယ့် လမ်းကောင်းတလမ်းမှ မရှိတဲ့မြို့…..

ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်းများထွက်ရာ ဒေသလို့ နာမည်ကျော်ကြားပေမယ့် ကချင်ပြည်နယ် ဖားကန့်မြို့မှာ လမ်းကောင်းကောင်းဆိုလို့ တလမ်းမှ မရှိပါဘူး။

မြန်မာနိုင်ငံတွင်းက ဆင်းရဲမွဲတေပြီး အဖိုးတန်သယံဇာတ ထွက်ရှိခြင်း မရှိတဲ့ သာမန် ကျေးလက်ဒေသက လမ်းတွေထက်တောင် အခြေအနေဆိုးပြီး မြို့တွင်းရော မြို့ပြင်ရော လမ်းအားလုံးက ချိုင့်ခွက်တွေနဲ့ ပြည့်နေပါတယ်။

 

ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားဘက်ကနေလာရင် ကာမိုင်းမြို့ကစပြီး ဖားကန့်မြို့ထိ ဆက်သွယ်ထားတဲ့ ကားလမ်းဟာ အတော်ကြီးကို ဆိုးဝါးလွန်းလှပါတယ်။ ဖားကန့်မြို့တွင်းက လမ်းတိုင်းရော မြို့ပြင်ကနေ ကျောက်စိမ်းလုပ်ကွက်တွေကို သွားတဲ့လမ်းတွေပါ ချိုင့်ခွက်ကြီး ချိုင့်ခွက်ငယ်ပေါင်းများစွာပါ။

ကချင်ပြည်နယ် ဖားကန့်မြို့ဟာ တကမ္ဘာလုံးရဲ့ ကျောက်စိမ်းထုတ်လုပ်မှုကဏ္ဍမှာ ၇၀ ရာခိုင်နှုန်းကျော် ကျောက်ထွက်တဲ့ ဒေသဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး သက်တမ်းရင့် အရည်အသွေး ကောင်းတဲ့ ကျောက်စိမ်းတွေ ထွက်တဲ့ မြို့နယ် ဖြစ်ပါတယ်။

ကျောက်စိမ်းထဲမှာ ဂျေးဒိုက် (Jadeite ) နဲ့ နက်ဖရိုက် (Nephrite) ဆိုပြီး ကျောက်အမျိုးအစားကွဲများ ရှိရာ ဖားကန့်ဟာ ကျောက်စိမ်းထဲမှာမှ အရည်အသွေး အကောင်းဆုံး ကမာ္ဘကျော် ဂျေးဒိုက်အမျိုးစား ကျောက်များ ထွက်ပါတယ်။

ဖားကန့်က ထွက်တဲ့ ကျောက်စိမ်းတွေကို ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနဲ့ သူ့နောက်လိုက် အရာရှိကြီးတွေ၊ သူတို့ မိသားစုတွေ၊ ခရိုနီသူဌေးကြီးတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ တရုတ်လုပ်ငန်းရှင်တွေက ကုမ္ဗဏီတွေ တရားဝင်ဖွင့်ပြီး ဆယ်စုနှစ်တခုကြာ တူးဖော်လုပ်ကိုင်နေခဲ့ကြတာပါ။

 

သယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ မူဝါဒ ရေးရာ အကြံပေးအဖွဲ့ Natural Resources Governance Institute (NRGI) က ၂၀၁၉ ခုနှစ်အတွင်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံက ကျောက်စိမ်းကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၅ ဘီလျံခန့်ဝင်ငွေ ရရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကျောက်တူးဖော်ရေးလုပ်ငန်းကို တူးဖော်ခွင့် ရရှိနေသူတွေရဲ့ ဝင်ငွေ၊ အကျိုးအမြတ်တွေကတော့ တိတိကျကျ မသိရသလို တိုင်းပြည်အတွက် အခွန်ဘဏ္ဍာ ဘယ်လောက်ပေးဆောင်သလဲ၊ မပေးဆောင်ဘူးလဲ မသိရှိရပါဘူး။

ဧရာဝတီက မျက်ဝါးထင်ထင် တွေ့ခဲ့ရတာကတော့ ဖားကန့်နဲ့ လုံခင်းမြို့ပတ်လည်မှာ အရင်က တောင်တန်းကြီးတွေဟာ ချိုင့်ဝှမ်းကြီးတွေ ဖြစ်သွားပြီး အရင်က လျှိုမြောင်ကြီးတွေမှာ ကျောက်စိမ်းတူးထုတ်ထားတဲ့ စွန့်ပစ် မြေစာပုံကြီးတွေ တောင်လိုပုံလာခဲ့တာပါပဲ။

ဒေသခံ ဌာနေတိုင်းရင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကချင်အမျိုးသားများ ဖွံ့ဖြိုးတိုးတတ်ရေး အသင်းရဲ့ ဥက္ကဌ ဦးလမောင်လတောင်ကတော့ ကျောက်တူးဖော်သူတွေအနေနဲ့ ဖားကန့်ကို စေတနာရှိရင် ကျောက်စိမ်းနဲ့တောင် လမ်းခင်းလို့ ရတယ်လို့ ပြောပါတယ်။

ပြင်ပကနေ ဝင်ရောက်လာပြီး ကျောက်တူးဖော်တဲ့သူတွေက အကျိုးအမြတ်တွေ ရပြီး အိမ်ပြန်သွားကြပေမယ့် ဌာနေတိုင်းရင်းသားတွေကတော့ တောတောင်တွေ ပြုန်းလို့ သဘာဝပတ်ဝန်းကျင် ပျက်စီးတဲ့ ဒဏ်၊ မြေပြိုတဲ့ ဒဏ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဆိုးတဲ့ ဒဏ်တွေကို သားစဉ်မြေးဆက် ခံစားကြရမှာလို့လည်း ဦးလမောင်လတောင်က ပြောပါတယ်။

ဖားကန့်မှာ ကုမ္ဗဏီတွေ ဝင်လာပြီး ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းကို စစ်အစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ အကြား အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးနောက် ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့ကြတာပါ။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ကျောက်တူးဖော်ခွင့် ရတဲ့ ကုမ္ဗဏီတွေက စက်ယန္တရား အကြီးစားတွေနဲ့ တူးဖော်ကြတာ ယနေ့ထိပါပဲ။

ကျောက်စိမ်းလုပ်ကွက်တွေဟာ အစိုးရနဲ့ ကုမ္ဗဏီတွေကြား အကျိုးတူ ဖက်စက် တူးဖော် လုပ်ကိုင်တာ ရှိသလို ကုမ္ဗဏီတွေက အပြည့်အဝ တူးဖော်တာလည်းရှိပါတယ်။

 

တဖက်မှာတော့ တရားဝင်အနေနဲ့ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သယံဇာတ အကြီးစား တူးဖော်ထုတ်လုပ်တာနဲ့ ပတ်သတ်ရင် ပြည်ထောင်စု အစိုးရဖြစ်တဲ့ ဗဟိုအစိုးရကပဲ လုပ်ပိုင်ခွင့်ချပေးခွင့် ရှိသလို ရသမျှအခွန်ကိုလည်း ပြည်ထောင်စုကပဲ ရတာပါ။

ပြည်ထောင်စုအစိုးရအနေနဲ့ ကျောက်စိမ်းတူးဖော်မှုကြောင့် နောက်ဆက်တွဲ ဖြစ်လာတဲ့ ဆိုးကျိုးတွေကိုတော့ ဖြေရှင်းပေးဖို့ ဌာနေတိုင်းရင်းသားဒေသခံတွေနဲ့ ညှိနှိုင်းတာ၊ လမ်းပန်းဆက်သွယ်ရေး ကောင်းအောင် ဆောင်ရွက်ပေးတာမျိုး မတွေ့ရပါဘူး။

သတင်း- နန်းလွင်နှင်းပွင့်

ဓါတ်ပုံ – ဇော်ဇော်

[]ဧရာဝတီ[]