ပြည်တွင်းသတင်း

ကျောင်းအုပ် ဆရာမကြီး ရဲ့ လေးစား အတုယူဖွယ်စိတ်ဓာတ်

ပရိတ်သတ်ကြီးရေ အမရပူရမြို့ရှိ မဟာ ဂန္ဓာရုံကျောင်းတိုက်သို့ သွားရာလမ်းဘေး တစ်နေရာတွင် နာမည်ကြီးသည့် အကြော်ဆိုင်တစ်ဆိုင်ရှိသည်။ ထိုအကြော်ဆိုင်လေးသည် နံနက်လင်းပြီဆိုသည်နှင့်

အကြော်ဝယ်လာသူအပေါင်းဖြင့် အုံခဲကာစည်ကားနေလေ့ရှိသည်။ ဘုန်းကြီးဆွမ်းလောင်းရန်ဖြစ်စေ၊ နံနက်ခင်းအဆာပြေစားသုံးရန်ဖြစ်စေ လာဝယ်ကြသူများရှိသကဲ့သို့ အမရပူရမြို့လေး ရှိ နံနက်ခင်းဖွင့်

မုန့်တီ၊ ခေါက်ဆွဲသုပ်ဆိုင်လေးများကလည်း ထိုအကြော်ဆိုင်လေးမှတစ်ဆင့် ဖောက်သည်ယူကာ ပြန်လည်ရောင်းချကြသည်။ ထိုသို့ လက်လီလက်ကား ဝယ်ယူသူများဖြင့် စည်ကားနေသည့် အကြော်ဆိုင်လေးကို

ဆရာမအကြော်ဆိုင်ဟု လူသိများလေသည်။ ဆရာမအကြော်ဆိုင်ဟု လူသိများ ရခြင်းမှာ အကြောင်းရှိသည်။ အကြော်ကြော်ရောင်းနေသူ မျက်နှာပြုံးရွှင်ရွှင် အသားအရေ ခပ်ဝင်းဝင်းဖြင့် ရုပ်ရည်ရူပကာ

အဆင်းခံ့ညားလှသူ အသက် (၅၀)ခန့် အမျိုးသမီးကြီးမှာ အကြော်သည်အများစုလို အတန်းပညာ ကောင်းစွာမသင်ယူခဲ့ရသူ တစ်ယောက်မဟုတ်ပေ။ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒအထူးပြု ဖြင့် B.Sc ဘွဲ့ရခဲ့သူ

တစ်ဦးဖြစ်သည်။ ထို့ထက်ပို၍ ပြည့်ပြည့်စုံစုံ ပြောရမည်ဆိုလျှင် လက်ရှိတွင် အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်နေလေသည်။

ထို့ကြောင့် ကျောင်းဆရာမတစ်ယောက်ရောင်းသည့် အကြော်ဆိုင်လေးဖြစ်၍ ဆရာမအကြော်ဆိုင်ဟု လူသိများနေရခြင်းဖြစ်သည်။ အကြော်ကြော်နေသူ ဆရာမကြီးမှာ ဒေါ်ခင်နွယ်ဦးဟု အမည်ရပါသည်။

အသက်မှာတော့ (၄၉)နှစ်ရှိပြီဖြစ်ပြီး ယခုလက်ရှိ အမရပူရမြို့နယ် ကတ္တီပါရွာရှိ မူလတန်းကျောင်းတွင် ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်နေသည်။ ဆရာမကြီး၏ ပညာရေးလုပ်သက်မှာ

နှစ်(၃၀)ပြည့်တော့မည်ဖြစ်ပြီး ကျောင်းအုပ်သက်တမ်းမှာ ၁၂ နှစ်ရှိပြီဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့် ၁၉၈၇ က ကျောင်းအုပ်ဆရာမကြီးဖြစ်လာမည့် ခင်နွယ်ဦးအမည်ရ

မြီးကောင်ပေါက်အရွယ်မိန်းမပျိုလေးသည် ဆယ်တန်းအောင်သောအခါ ဝါသနာပါသည့် ကျောင်းဆရာမအလုပ်ကို ဝင်လုပ် ရန် မိဘများထံ ခွင့်ပန်ခဲ့သည်။ အစ်ကိုများထဲတွင် ဘဏ်ဝန်ထမ်း များရှိ၍

ဘဏ်လုပ်ငန်းထဲဝင်ရန် တိုက်တွန်းသော်လည်း ခင်နွယ်ဦးလေးမှာ စိတ်မဝင်စား။ ငယ်စဉ် ကတည်းက ကလေးတွေအား စာ သင်ပြရသည်ကို ဝါသနာထုံခဲ့၍ ဆရာမအလုပ်ဝင်လုပ်ရန်သာ စိတ်ဝင်စားကြောင်း

ပြတ်ပြတ်သားသားပင် ပြောကြား ခဲ့သည်။ ထို့ နောက်မှာမူ မိဘတွေကလည်း ခွင့်ပြုခဲ့သဖြင့် ခင်နွယ်ဦးမှာ ပညာရေး ဌာနတွင် အထွေထွေလုပ်သား ဝင်လျှောက်ခဲ့သည်။ အထွေထွေ လုပ်သားသည်လည်း

ကျောင်း ဆရာမပေပဲမို့ ခင်နွယ်ဦး ပျော်ခဲ့ရသည်။

သူပထမဆုံးတာဝန်ကျ သည်က သူနေထိုင်ရာအရပ်နှင့် တောင်သမန် အင်းခြားသည့် အင်း အရှေ့ဘက်ကမ်း ဆီမီးထွန်းကျေး ရွာ အမကကျောင်းလေးမှာ ဖြစ် သည်။ ဆီမီးထွန်းကျေးရွာ မူလ တန်းကျောင်းလေးတွင်

ကျောင်း ဆရာမလေးခင်နွယ်ဦးဘဝ စတင် ခဲ့လေသည်။ အထွေထွေလုပ်သား ကျောင်းဆရာမအဖြစ် စတင်တာဝန်ထမ်းဆောင်ရချိန် ဆရာမလေး ခင်နွယ်ဦးတစ်ယောက် ကျောင်းစိမ်းဝတ်စုံ အဖြူ၊ အစိမ်းထည်လေး

ဝတ်ရသည်။ သို့သော်ကျောင်းသားဘဝက ဝတ်ခဲ့ရသည့် အဖြူ၊ အစိမ်းနှင့် ဆရာမဘဝမှာ ဝတ်ရမည့် အဖြူ၊ အစိမ်းအရောင်ချင်း တူသော်လည်း ခံစားမှုချင်းက မတူညီတော့။ ကလေးတွေကို စာသင်ပြပေးရတော့မည့်

အနန္တောအနန္တဂိုဏ်းဝင် ဆရာတစ်ဦးဖြစ်နေလေပြီ။ ထို့အတွက် ကျောင်းသူဘဝတုန်းကလို ဖြစ်သလို ဝတ်ဆင်၍မရ။ အဖြူ၊ အစိမ်း ဆရာမဝတ်စုံလေးနှင့် ကိုက်ညီအောင် ခပ်တိုတိုဆံပင် ဦးခေါင်းနောက်ပိုင်းမှ

ကြက်မြီးလေးကိုလည်း ကလစ်တွေဖြင့် ဆံထုံးသဏ္ဌာန်မရရအောင် ထုံးခဲ့ရလေသည်။ အသစ်စက်စက် ကျောင်းဆရာမလေး ခင်နွယ်ဦးသည် တောင်သမန်အင်း တစ်ဖက်ကမ်းဆီမီးထွန်းကျေးရွာက

မူလတန်းကျောင်းလေးဆီသို့ ဦးပိန်တံတားကိုဖြတ်ကာ သွားရသည်။ တစ်ခါတစ်ရံ စက်ဘီးဖြင့်၊ တစ်ခါတစ်ရံ ခြေလျင်ခရီး။ ရွာရောက်တော့ မျက်လုံးပြူးရသည်။ အခြားကြောင့်မဟုတ်။

သူငယ်တန်းကနေ လေးတန်းအထိ တန်းခွဲငါးခုရှိသည့် မူလတန်းကျောင်းလေးမှာ ဆရာမလေးခင်နွယ်ဦးနှင့် ကျောင်းအုပ်ဆရာမကြီး နှစ်ယောက်သာ ရှိနေ၍ဖြစ်သည်။ ဆရာမလေး ခင်နွယ်ဦးကတော့

သူ ပထမဆုံးဆရာမနေ့ရက်တွေကို အကောင်းဆုံးဖြတ် ကျော်ခဲ့သည်။ ကျောင်းအဆောက်အအုံပင် မရှိသေးသည့် ဇရပ်ကလေးပေါ်က မူလတန်းကျောင်း ကလေးမှာ မူလတန်းပြ ဆရာ၊ ဆရာမတွေ

ကြုံရသည့်အခက်အခဲမျိုးတွေ ဆရာမလေးခင်နွယ်ဦးလည်း ကြုံဆုံခဲ့ရသည်။ ကျောင်းသား၊ ကျောင်းသူတွေက ကျေးလက်နေ ကလေးငယ်တွေမို့ သူတို့အိမ်မှာ၊ အရပ်ထဲမှာနေသလို ဆရာမလေး ကို ဆက်ဆံကြသည်။

သူတို့စိတ်ထဲ အလိုမကျလျှင် ငါချင်းမိုးမွှန်နေအောင် ကိုင်တုတ်သည်။ ဆွဲကုတ်သည်။ ကုန်းကိုက်သည်။ ပေါင်ဆွဲကိုက်တာမျိုးတွေလည်း ရှိသည်။ ထဘီတွေဆွဲကာ အတင်းရုန်းကြတာတွေလည်းပါသည်။

သို့သော် ဆရာမလေးကတော့ စိတ်မပျက်။ သူဝါသနာပါ၍ ရွေးချယ်ခဲ့သည့် အလုပ်မဟုတ်လား။ အခြား မူလတန်းပြဆရာမတွေလိုပင် ဆရာမလေးခင်နွယ်ဦးလည်း ကလေးတွေကို စိတ်ရှည်လက်ရှည် သင်ရသည်။

သူငယ် တန်းကလေးတွေဆိုလျှင် ဝလုံးကလေးရေးဖို့ ဆရာမရင်ခွင်ထဲတွင် ပိုက်ကာ လက်ကလေးတွေကိုင် ပြီး သင်ပေးရသည်။ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ်ပတ်မဟုတ်။ ဝလုံးကလေး ဝိုင်းစက်ဖို့ သုံးလခန့်

အချိန်ယူကာ သင်ပြရသည်။ ကလေးတစ်ယောက်သင်နေတုန်း နောက်ကလေးတစ်ယောက်က ကုပ်ပေါ်တက်ခွလိုခွသည်။ သူရေးတာ လှ၊ မလှ ဆရာမအကျႌလှမ်း ဆွဲပြသူ ကလေးငယ်တွေကြောင့်

ဆရာမလေးတွေရဲ့ အကျႌဖြူဖြူ ကြေးအထပ်ထပ် ညစ်ပေရသည်။ သို့သော်လည်း ဆရာမလေး ခင် နွယ်ဦး ပျော်ခဲ့သည်။နောက်ထပ် ပျော်ခဲ့ရသည့် ကာလတွေလည်း ရှိဖူးသည်။ ထိုအချိန်က လေးတန်းကျောင်းသား၊

ကျောင်းသူတွေ၏ အတန်းတင်စာမေးပွဲက ဘုတ်စစ်ခေါ် အစိုးရ စစ်စာမေးပွဲဖြစ်သည်။ ဘုတ်စစ် ဖြစ်၍ ကလေးတွေ ခြေချော်လက်ချော်ဖြစ်မှာကို ဆရာမလေးစိတ်ပူသည်။ ထို့ကြောင့်စာမေးပွဲတစ်တွင်းလုံး

လေးတန်းကျောင်းသား၊ ကျောင်းသူ ရှစ်ယောက်လောက်ကို သူ့အိမ်ခေါ်ကာ ကျွေးမွေးပြီး စာကျက်စာနွှေး လုပ်ပေးခဲ့သည်။ စာမေးပွဲတစ်တွင်းလုံး ဆရာမနှင့် သူ၏ချစ်တပည့်များ ဦးပိန်တံတားပေါ် ခြေလျင်လျှောက်ပြီး

တောင်သမန်အင်းအရှေ့ဘက်ရှိ ဆီမီး ထွန်းကျေးရွာလေးဆီကူးသည်။ စာမေးပွဲဖြေပြီး၍ ညနေပိုင်းဆို လျှင် အင်းအနောက်ဘက် ဆရာမလေး အိမ်ဆီကို တပျော်တပါးကြီး ပြန်ကြသည်။ အောင်စာရင်းထွက်ချိန်မှာတော့

ထိုလေးတန်းကျောင်းသူ၊ ကျောင်းသား ရှစ်ယောက်စလုံး တန်းလုံးကျွတ် အောင်မြင်ခဲ့သဖြင့် ဆရာမလေးက ဝမ်းသာမဆုံး၊ ဂုဏ်ယူမဆုံး တပြုံးပြုံး။ အထွေထွေလုပ်သား ဆရာမဘဝလုပ်ရင်း မန္တလေးတက္ကသိုလ်မှာ

ဓာတုဗေဒအထူးပြုဖြင့် ညကျောင်းတက်သည်။ ကျောင်းဆင်းလျှင် အိမ်သို့ ကပျာကယာပြန်သည်။ အဝတ်အစားလဲ ထမင်းစားကာ မန္တလေးတက္ကသိုလ် ညကျောင်းသို့ ဘတ်စ်ကားဖြင့် အပြေးအလွှားသွားတက်သည်။

ည ၁၀ နာရီကျော် ကျောင်းဆင်းတော့ အိမ်ပြန်လာသည်။ တစ်နှစ်လောက်နေတော့ ကျောင်းဆရာမတွေခေါ်သဖြင့် ဝင်လျှောက်ရာ ကျောင်းမပြီးသေးသော်လည်း အလုပ်ရခဲ့သည်။ ထိုသို့ ကျောင်းဆရာမလုပ်ရင်း

ည ကျောင်းပြေးတက်ရင်း ငါးနှစ်ကြာတော့ ဘွဲ့ရခဲ့သည်။ မူလတန်းပြဆရာမဘဝဖြစ်ပြီး မကြာမီ ဆရာမလေး အိမ်ထောင်ကျခဲ့သည်။ ဆရာမလေး အမျိုးသားမှာ မီးရထားဝန်ထမ်း ဖြစ်တာမို့

အစိုးရဝန်ထမ်းဘဝထားရာနေ စေရာသွားရတာ ကြောင့် အိမ်ထောင်ကျသော် လည်း မိသားစုအတူတူမနေရ။နောက်ပြီး ဆရာမလေးကလည်း နို့ညှာသမီး၊ မိဘခင်တွယ်သူမို့ အမျိုးသားနှင့်လည်း လိုက်မနေနိုင်။

ထို့ကြောင့် အမရပူရက မူလတန်း ကျောင်းလေးတွေမှာတင် လှည့်လည် တာဝန်ထမ်းဆောင် ရင်း မိဘနဲ့အတူနေထိုင်ခဲ့သည်။ ဇနီးမောင်နှံ နှစ်ယောက်စလုံး အစိုးရဝန်ထမ်းတွေမို့ ကိုယ်ရှာတာ ကိုယ်လောက်ငရုံ

သုံးနိုင်ခဲ့သော်လည်း သားကလေးတစ်ယောက် ရလာချိန်မှာတော့ ရတဲ့ဝင်ငွေဖြင့် မလုံလောက်တော့။ သည်ကြားထဲ အတူနေ ဆရာမလေး၏ မိဘများကလည်း အဆင်ပြေလှသည် မဟုတ်တာကြောင့်

ဆရာမလေးမှာ အပိုဝင်ငွေရ အောင် ကြံဆောင်ရတော့သည်။ ထို့အတွက် ဆရာမလေးမှာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ဆိုလျှင် ဆီးပေါင်း၊ ကုလားပဲခွေနှင့် မုန့်မျိုးစုံတို့ကို စက်ဘီးလေးတစ်စီးပေါ် တောင်းကြီး၊

တောင်းငယ် အသွယ်သွယ်ဖြင့် တင်ဆောင်ကာ ဆိုင်တွေဆီ မုန့်လိုက်ပို့လေသည်။

နုနုငယ်ငယ် ဆရာမလေးတစ်ယောက်ဖြစ်သော်လည်း ရှက်ရ ကြောက်ရကောင်းမှန်းလည်းမသိ။ ဆိုင်တကာလှည့်ကာ ငါဆရာမဆိုသည့် မာန်မာနလည်း မရှိဘဲ ဈေးလိုက်ရောင်းသည်။ ရှက်ရွံ့စိတ်တော့ မရှိခဲ့သော်လည်း

တစ်ခါကတော့ ကိုယ့်ဘဝကိုယ် အားငယ်ခဲ့ရသည့်ရက်တွေ ဆရာမလေး ဖြတ်သန်းခဲ့ရဖူးသည်။ မိုးတွေကရွာ၊ မုန့်တွေလည်း မိုးတွေစိုရွှဲပြီး စက်ဘီးကြီးဖြင့် မြောင်းထဲပြုတ်ကျတုန်းက ဖြစ်သည်။

ကိုယ့်ဘဝကိုယ် အားငယ်စွာ ဝမ်းနည်းခဲ့ရသည်။ သို့သော် ကိုယ့်မိသားစု စားဝတ်နေရေးအတွက် လုပ်သင့်လုပ်ထိုက်တာ လုပ်တာပဲဟု ကိုယ့်ကိုယ်ကိုယ် ပြန် အားပေးကာ ပြန်ထခဲ့သည်။ မုန့်ပို့ရသည့်အလုပ်က

တစ် ပတ်မှနှစ်ရက်ပဲ လုပ်ရသည်မို့ ငွေ က ပြောလောက်အောင်မဝင်။ ထို့ အတွက် ဘာလုပ်ရင်ကောင်းမည် ဆိုတာကို မိဘတွေနှင့် တိုင်ပင်ကြ သည်။ မိခင်ဖြစ်သူက မုန့်မျိုးစုံ လုပ်ရောင်းလာခဲ့သည့် ဈေးသည် မို့

နောက်ဆုံး ကိုယ့်အိမ်ရှေ့တင် အကြော်ကြော်ရောင်းရန် သားအ မိနှစ်ယောက် စဉ်းစားသည်။ ဆရာမလေးက ကောင်းကောင်းမကြော်တတ်သေးပေသိ မိခင်က ကြော်တတ်ပြီးသားမို့ စိတ်ပူရန်မလို။

ဖခင်နှင့် သမီးဖြစ်သူရယ်၊ တခြား မောင်နှမတွေရယ် ဝိုင်းကူကြမည် ဟုဆိုကာ အိမ်ရှေ့မှာ အကြော်ဖိုတဲလေး ထိုးလိုက်ကြသည်။ မနက် ၂ နာရီထိုးလျှင် ဆရာမလေး အိပ်ရာကနေထရပါသည်။

မိခင်နှင့်အတူ ပဲကူဆေးပေးရ သည်။ ပဲထောင်းရသည်။ မီးမွှေး ပေးရသည်။ အကြော်ကူကြော်ပေး ရသည်။ လက်ကားမှာသည့် ဆိုင် တွေ လိုက်ပို့ရသည်။ ဆရာမလေး တို့ အကြော်မှာ ချင်း၊ ကြက်သွန် ဖြူ၊

ပဲ ထည့်ရမည့် အချိုးအစားအ တိုင်း မခြိုးမခြံအာန်ထည့်သဖြင့် စား၍လည်း ကောင်းလှသည်။ ဈေးကလည်း တခြားအကြော်ဆိုင် တွေထက်ပင် သက်သာနေပြန် သည်။ ထို့ကြောင့် စားကောင်းဈေး ချို ဆရာမလေးတို့

အကြော်ဆိုင် လေးကို ဝယ်ယူစားသုံးသူတွေများများလာသည်။ မနက် ၇ နာရီခွဲ ၈ နာရီဆို လျှင်တော့ အကြော်တွေလည်း ကုန်၊ အကြော်ဆိုင်မီးလည်း ငြိမ်း ပြီမို့ ဆရာမလေး ကျောင်းသွားဖို့

ရေမိုးချိုးအဝတ်အစားလဲရသည်။ မနက်စာ ခပ်မြန်မြန်စား၊ ထမင်း ထုပ် ခပ်သွက်သွက်ထုပ်ကာ ကျောင်းချိန်အမီ အပြေးအလွှား သွားရသည်။ ဆရာမလေးအနေဖြင့် နောက်ကျတာမျိုး မဖြစ်ချင်။ ဖြစ်လည်းမဖြစ်ခဲ့။

ကျောင်းရောက် လျှင်တော့ ပင်ပန်းလွန်း၍ စာသင် ချိန်လေး တစ်ချိန်တလေ လွတ် လျှင် ဆရာမလေးမှာ ရုတ်တရက် ငိုက်မိတာမျိုးတွေ ရှိသည်။ သို့သော် ဆရာနှင့်စာလျှင် ကျောင်း သားဦးရေကများနေ၍

တစ်တန်း ပြီးတစ်တန်း တစ်ခန်းပြီးတစ်ခန်း စာသင်ရသည်မို့ အိပ်ချင်စိတ်လည်း ဖျောက်ခနဲဆိုပျောက်။ ညနေ ကျောင်းပြန်လျှင် လည်း နောက်တစ်နေ့အတွက် အကြော်ကြော်ရန် ဈေးဝယ်ရသည်။

ပဲတွေ ဘာတွေ ကြိုထောင်းရ သည်။ မနက်အတွက် ပြင်ဆင်ပြီးလျှင် စားသောက်ပြီး ခပ်စောစောပင် အိပ်ရာဝင်ရသည်။ ဒါမှ မနက်စောစော ထနိုင်မည်မဟုတ်လား။

ထိုသို့ မနက်ခင်းအစော မိခင်နှင့်အတူ အကြော်ရောင်းလိုက်၊နေ့ခင်း ကျောင်းဆရာမတာဝန်ထမ်းဆောင်လိုက်ဖြင့် အားချိန်၊ နားချိန်ပင်မရခဲ့သည့် ဆရာမလေးတစ်ယောက် ပို၍ကြီးလေးသည့် တာဝန်တွေထမ်းဆောင်ရဖို့

အကြောင်းဖန်လာခဲ့သည်။ သားတစ်ယောက်၊ သမီးတစ်ယောက်ရပြီးချိန် မိခင်၊ ဖခင်နှင့် အမျိုးသားဖြစ်သူ မီးရထားဝန်ထမ်းတို့မှာ တစ်ယောက်ပြီး တစ်ယောက် ကွယ်လွန်ခဲ့၍ ဖြစ်လေသည်။

ကလေးတွေလည်း အတန်း ကြီးတွေရောက်လာချိန် ငွေကုန် ကြေးကျလည်း ပို၍ပို၍သာ များလာခဲ့သည်။ ယခင်က မိခင်နှင့်အတူ အကြော်ကြော်ခဲ့ရသော်လည်း မိခင်ကြီးမရှိတော့သည့် နောက်ပိုင်းမှာတော့

ကိုယ်ကိုယ်တိုင် ဦး ဆောင်ကာ ကျောင်းတာဝန်တစ်ဖက်ဖြင့် အကြော်သည် ကျောင်းဆရာမဘဝကို ဆက်လက် လျှောက်လှမ်းခဲ့ရသည်။ မူလတန်းကျောင်းအုပ်ဆရာမကြီးအဖြစ် ရာထူးတိုးတော့ ဝိုင်းကူပေးကြသည့်

မောင်နှမတွေက အကြော်ရောင်းတဲ့အလုပ် နားဖို့ပြောကြသည်။

ဆရာမလေး မဟုတ်တော့သည့် ဆရာမကြီးကတော့ နားဖို့ကိုလက်မခံ။ သားကြီးမှာလည်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် တစ်ခု တက်ရောက်ခဲ့သည်မို့ သူ လိုအပ်သည့် စားစရာ၊ သောက်စ ရာ အခြောက်အခြမ်းကလေးတွေ

ကြော်လှော်ချက်ပြုတ်ကာ ပို့ချင် သည်။ ငွေသားငွေစ မုန့်ဖိုးကလေး တွေ မှန်မှန်ပေးချင်သည်။ သမီးငယ်မှာလည်း အတန်းကြီးဖြစ်လာပြီမို့ ကျောင်းစရိတ် လိုအပ်တာတွေ လုပ်ပေးချင်သည်။

ထို့အတွက် ဆရာမကြီး အကြော်သည်ဘဝကို ပြည်ဖုံးကားမချနိုင်ခဲ့။တစ်ဖက်မှာ အိမ်ထောင့်တာဝန် ကျေပွန်ခဲ့သလိုတစ်ဖက်က ကိုယ်ဝါသနာပါ၍ ရွေးချယ်ခဲ့သည့် ကျောင်းဆရာမအလုပ်ကိုလည်း

တာဝန်ကျေတာထက်ပင်ပိုအောင် ဆရာမကြီး လုပ်ဆောင်ခဲ့သည်။ သူတာဝန်ကျခဲ့သည့် ကျောင်းတွေ မှာ ကလေးတွေကို ကျူရှင် ဘယ်တော့မှမဖွင့်။ အခမဲ့အချိန်ပိုသာ ခေါ်သင်ပေးသည်။

မိဘတွေကိုလည်း ကလေးတွေကို ကျူရှင်မထားခိုင်းဘဲ ကျောင်းမှန်မှန်သာပို့ပါ၊ မှန်မှန်ပို့ရင် လုံလောက်သည်၊ ကျူရှင်ယူရန်မလိုဟု တိုက်တွန်းခဲ့သည်။

ဆရာမကြီးအနေဖြင့် ကျူရှင်အပိုခေါ်ကာ ကလေးတွေဆီက အခကြေးငွေယူရန်လည်း စိတ်မဝင်စားခဲ့။ သူ့တွင်ကျူရှင်သင်တာထက်ပင် ပိုရသည့် အကြော်ဆိုင်တစ်ဆိုင်ရှိနေ၍ ဖြစ်လေသည်။

ကိုယ်တိုင်က ကျူရှင်မသင်သော်လည်း အခြေအနေအရ ကျူရှင်သင်ပြရသည့် ဆရာတွေအပေါ် ဝေဖန်ကြတာမျိုးဆိုလျှင်တော့ ကိုယ်လည်း ဆရာမပေမို့ စိတ်မကောင်းဖြစ်ခဲ့ရသည်။

ကိုယ်မသိမမြင်နိုင်သည့် ဘဝတွေက အများကြီး မဟုတ်လား။ကတ္တီပါရွာမူလတန်းကျောင်းမှာ ကျောင်းအုပ်ဖြစ်တော့ ကျောင်းအဆောက်အအုံကအစ ကောင်းကောင်းမွန်မွန်ဖြစ်လာဖို့ ဆရာမကြီး ကြံဆောင်သည်။

ကျောင်းချိန် ပြင်ပရောက် ကလေးတွေဆီ ဆိုင်ကယ်တစ်စီးဖြင့် လယ်ထဲ၊ ယာထဲအထိ လိုက်မောင်းကာခေါ်ယူသည်။ မိဘတွေကိုလည်း ဖျောင်းဖျရသည်။ တော်တို့ကလေး အိမ်မှာထားတာနှင့် ကျောင်းမှာထားတာ

ဘယ်ဟာလုံခြုံသနည်းဟု ခြောက်ကာမေးရသည်။ကလေး ထိန်းရမှာမို့ ကျောင်းမတက်နိုင်ဘူး အကြောင်းပြလျှင်လည်း ထိန်းရမည့် ကလေး ကိုပါ ကျောင်းခေါ်လာခိုင်းသည်။ ထိုသို့ဖြင့် ဆရာမကြီး၏

မူလတန်းကျောင်းကလေးမှာ ကျောင်းသားဦးရေက တဖြည်းဖြည်းတိုး၍တိုး၍ လာခဲ့သည်။ရွာကလည်း ဆရာမကြီးဆို ချစ်မှချစ်၊ ရွာတင်မက ဆရာမအချင်းချင်းကလည်း ဆရာမကြီးအပေါ်မေတ္တာရှိကြသည်။

အထက် အောက်ဆက်ဆံရေးမျိုးမဟုတ်ဘဲ ညီအစ်မတစ်တွေလို ပေါင်းသင်း ပြောဆိုကြတာမို့ ဒီကျောင်းလေး မှာ ဆရာမတွေပျော်ကြလေသည်။သားကြီး တက္ကသိုလ်တစ်ခုကနေ ကျောင်းဆင်းပြီး နိုင်ငံ့အစွန်အဖျား

တာဝန်ထမ်းဆောင်ရတော့လည်း သုံးဖို့စွဲဖို့ အကြော်သည်ဆရာမကြီးက လှမ်းပို့ဖြစ်သည်။ ယခုတော့ သားကြီးလည်း အရာရှိဖြစ်ကာ သူ့လစာနှင့်သူဖြစ်နေပြီ ဆိုတော့ သိပ်ပို့စရာမလိုတော့။

သမီးငယ်မှာလည်းမြန်မာစာဂုဏ် ထူးတန်းကျောင်းသူ ဖြစ်လာ ခဲ့ပြီဖြစ်သည်။ သို့သော် ဆရာမကြီး အိမ်ရှေ့က အကြော်ဖိုမီး အပြီးတိုင်မငြှိမ်းနိုင်သေး။ အဘယ့်ကြောင့်နည်း။ ကျောင်းဆရာမအလုပ်တစ်ဖက်ဖြင့်

အကြော်သည်ဘဝ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့ရသည့် ဆရာမကြီးမှာ မောပန်းနွမ်းနယ်မှုတွေ မရှိဘူးမဟုတ် ရှိနေပါသည်။ သို့သော် အကြော်ရောင်းရသည့် ဝင်ငွေကလေးဖြင့် သူချစ်ရသည့်

သားသမီးတွေ ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့နိုင်ခဲ့သည်။ကျောင်းအုပ်ဆရာမတစ်ယောက်မှာရှိသည့် လူမှုပတ်ဝန်း ကျင်အသိုင်းအဝိုင်းကြားမှာ မျက်နှာမငယ်ရအောင် သာရေး၊ နာရေး၊

လူမှုရေးကိစ္စတွေလိုက်နိုင်ခဲ့သည်။ ထို့အတွက် အကြော်သည်ဘဝကို လွယ်လွယ်နှင့် စွန့်လွှတ်၍မဖြစ်သေး။ တစ်ခုတော့ မျှော်လင့်ချက်ရှိသည်။ကျောင်းဆရာမလစာတိုးလာခဲ့လျှင်နှင့် ကလေးတွေအတွက်

နောက်ဆံမတင်းရတော့သည့်အချိန် ရောက်လာခဲ့လျှင်တော့ ဆရာမကြီးအကြော်သည်ဘဝ တစ်ခန်းရပ်လိုက်ချင်လေသည်။ အသက်ကလည်း တဖြည်းဖြည်းကြီးလာခဲ့ပြီမို့ နောက်ဆိုအခုလို ပင်ပင်ပန်းပန်း လုပ်နိုင်ဖို့

သိပ်မလွယ်နိုင်တော့။အကြော်သည်တစ်ယောက်ဘဝကို ဂုဏ်ငယ်သည်ဟုတော့ ဆရာမကြီး ဘယ်တော့မှမထင်။ ကိုယ်ဝါသနာပါသည့် ကျောင်းဆရာမအလုပ်ကိုလုပ်ရင်း တစ်ဖက်က ကိုယ့်မိသားစု ဝမ်းစာရေးအတွက်

ရိုးသားစွာအကြော်ကြော် ရောင်းရသည်ကို ဆရာမကြီး မရှက်ခဲ့ပါ။ဆရာမကြီးတင်မဟုတ်။ ဆရာမကြီး သားနှင့်သမီးကလည်း တကယ့်မအေတူ တစ်စိတ်တည်း။ မနက်ခင်းဆိုလျှင် ဆရာမကြီးက အကြော်ကြော်ရင်း

သမီးဖြစ်သူ ဂုဏ်ထူးတန်းကျောင်းသူကလည်း အကြော်ဝင်ကူ ရောင်းပေးသည်။ဆိုင်တွေလိုက်ပို့သည်။ ရံဖန်ရံခါ အလည်အပတ် ပြန်လာသည့် အရာရှိသားကြီးကလည်း မိခင်အကြော်တဲထဲဝင်ကာ အကြော်ဆယ်ပေး

ကူရောင်းပေးကြလေ သည်။မနက် ၈ နာရီကျော်လျှင်တော့ ဆရာမကြီးအကြော်စုံ စား ရဖို့ မလွယ်တော့ပါ။ နံနက်အလင်းရောင် မရခင်အချိန်ကတည်းက တဖွဲဖွဲလာဝယ်ခဲ့ကြသည်မို့ နေလည်းကောင်းကောင်းထွက်ချိန်

မှာတော့ ဆရာမအကြော်ဆိုင် လေးလည်း အကြော်တွေကုန်၊ ဆိုင်လည်းသိမ်းပါလေပြီ။ ဆရာမကြီးကလည်း ကျောင်းအဖြူ၊ အစိမ်းဝတ်စုံလေးကို ကြော့နေအောင်ဝတ်၊ သနပ်ခါးအဖွေးသားဖြင့် တာဝန်ကျရာ

ကတ္တီပါရွာမူလတန်းကျောင်းလေးဆီသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အများတကာ အိပ်ကောင်းချိန် မနက် ၂ နာရီလောက်ကတည်းက ဆက်တိုက်အလုပ်လုပ်ခဲ့ရသော်လည်း ဆရာမကြီးမှာ

ပင်ပန်းနွမ်းနယ်ဟန်မပြ။မျက်နှာမှာ အပြုံးပန်းတစ်ပွင့်ဆင်လျက် အကြော်ဆိုင်လေးကို ခေတ္တထားခဲ့ကာ မူလတန်းကျောင်းလေးဆီ ပျော်ပျော်ကြီး ချီတက်သွားပါလေတော့သည်။

Credit: Original Uploader